ကျိုက်လတ် အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းကို ယမန်နေ့ ညပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇော်ထက်လင်းနှင့် ဝန်ထမ်းများက ပြည်သူများလိုက်နာရမည့် စည်းကမ်းချက်များဖြစ်သည့် အိမ်တိုင်းတွင် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ လှေကား အသင့်ထားရှိရန်၊ မီးဖိုအား မီးမလောင် လွယ်သော သွပ်ပြား၊ သံပြား၊ အုတ် စသည်တို့ဖြင့် စနစ်တကျခင်း၍ အသုံးပြုရန်၊ မီးဖိုအသုံးပြုတိုင်း လူစောင့်အမြဲရှိရန်နှင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ရန်၊ မီးဖိုအနီး လောင်စာဆီနှင့် လောင်စာပစ္စည်းများ မထားရန်၊ သက်ကြီးရွယ်အိုနှင့် ကလေးများအား မီးကို အသုံးမပြုစေရန်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေ အသုံးပြုပါက မီးမလောင်လွယ်သော အောက်ခံခွက်များ အသုံးပြုရန်၊ နေအိမ်ခြံဝန်းအတွင်း အမှိုက်သရိုက်များ ရှင်းလင်းထားရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများ၊ ချို့ယွင်းပျက်စီးနေသော လျှပ်စစ် ပစ္စည်းများ အသစ်လဲလှယ် အသုံးပြုရန်၊ ဌာနဆိုင်ရာများ၊ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများကို မြို့နယ်မီးသတ် ဦးစီးဌာန ညွှန်ကြားချက်များအတိုင်း ပြည့်စုံစွာအဆင်သင့် တပ်ဆင်ထားရှိရေး၊ အနှေးယာဉ်၊ အမြန်ယာဉ်များပေါ်နှင့် လမ်းသွားရင်း ဆေးလိပ်မသောက်ရန် စသည့် စည်းကမ်းချက် များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)