လိပ်သို အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ် ဒေသဖြစ်သောကြောင့် ဥယျာဉ်ခြံသီးနှံပင်များအပြင် နှစ်ရှည်ဥယျာဉ်ခြံ သီးနှံစိုက်ပျိုးရေးလုပ်ငန်းကိုလည်း အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြကြောင်း သိရသည်။ ထိုသို့လုပ်ကိုင်ကြရာ သီးနှံများပွင့်သီးအောင်မြင်ချိန်တွင် သီးထိုးယင်များ၏ ဖျက်ဆီးမှုကိုခံနေကြရ သောကြောင့် သီးနှံများပျက်စီး၍ အနာအဆာများဖြစ်ပေါ်ကာ ရရှိသင့်သော အကျိုးခံစားရမှုများ ဆုံးရှုံးခဲ့ကြရသည်။
ယခုအခါ ဒေသခံတောင်သူအနည်းငယ်မှာ ဒေသတွင်း အသိပညာပေးမှုများရရှိခြင်း၊ မိမိတို့ကိုယ်တိုင် စိုက်ပျိုးရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများအား လေ့လာဆည်းပူး၍ လက်တွေ့ကြိုးပမ်းလုပ်ကိုင်မှုများကြောင့် နီယိုပိစ် (NEOPEACE) ကဲ့သို့သော ခေတ်ပေါ်သီးထိုးယင်ဖမ်းဆေးများအား အသုံးပြုကာ သီးထိုးယင်များအားဖမ်းယူနိုင်မှု ပိုမိုတိုးတက်လာကြောင်း သိရသည်။
နည်းပညာအကူအညီများရရှိပြီး လိုအပ်သော ခေတ်မှီဆေးဝါးနှင့် ပိုးမွှားနှိမ်နင်း ရေးသုံးကိရိယာများ အသုံးပြုလာနိုင်ပါက သီးထိုးယင်ကာကွယ်နှိမ်နင်းဖမ်းယူနိုင်မှု ပိုမိုထိရောက်အောင်မြင်လာမည်ဖြစ်ပြီး တောင်သူများ အကျိုးခံစားခွင့် ပိုမိုရမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)