ပုသိမ် အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမ၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီမှ စတင်၍ ဆန္ဒမဲလက်မှတ်များကို ဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲဆန္ဒနယ်အလိုက် လက်မှတ်များအား ရရှိမည့်အရေအတွက်အတိုင်း ပြည့်/မပြည့်၊ စွန်းထင်းစုတ်ပြဲနေသော ဆန္ဒမဲ လက်မှတ်များ ပါဝင်မှု ရှိ/မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက် မှန်/မမှန်နှင့် ကိုယ်စားလှယ်လောင်းများ၏ အမည်၊ အသုံးပြု သင်္ကေတ(logo)များ မှန်ကန်မှု ရှိ/မရှိတို့အား ဖွင့်ဖောက်စစ်ဆေးခြင်း လုပ်ငန်းများကို စိစစ်ဆောင်ရွက် ကြသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များ စစ်ဆေးရာတွင် ဆန္ဒမဲလက်မှတ် တစ်အုပ်လျှင် ရွက်ရေ ၅၀ ပါပြီး၊ ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ် (၅၇၉၃)အုပ်၊ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ် (၅၇၉၃)အုပ်၊ တိုင်းဒေသကြီး လွှတ်တော်အမှတ်(၁) ဆန္ဒမဲလက်မှတ် (၂၉၁၂) အုပ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂) ဆန္ဒမဲလက်မှတ် (၂၈၃၂)အုပ်၊ ရခိုင်တိုင်းရင်းသား လူမျိုး လွှတ်တော်ဆန္ဒမဲလက်မှတ် (၁၂၁)အုပ်၊ ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ဆန္ဒမဲလက်မှတ် (၈၄၄)အုပ်၊ စုစုပေါင်း (၁၈၂၉၅)အုပ်ကို စစ်ဆေး လျက်ရှိရာ အောက်တိုဘာ(၂၁)ရက်နေ့တွင်အပြီး စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)