မင်းကင်း အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် အသက် (၉)နှစ် မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များအား ပထမအကြိမ် (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MOHS) Website မှ တိုက်ရိုက်ထုတ်လွှင့်သော ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးတို့၏ မိန့်ခွန်းပြောကြားမှုကို ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီး အကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများက တိုက်ရိုက် ကြည့်ရှုခဲ့ကြပြီး အခမ်းအနားပြီး ဆုံးပြီးနောက် မြို့နယ်ကျန်းမာ ရေးနှင့်ကုသရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါက်တာ ခင်သူသူလွင် နှင့် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ ဝင်များ ပူးပေါင်းကာ မင်းကင်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီး ငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ (HPV) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်းဖြစ်ကြောင်း မင်းကင်းမြို့နယ် တွင် (၉)နှစ်မှ (၁၀) နှစ် အရွယ် အမျိုးသမီး ငယ် စုစုပေါင်း (၁၀၄၀) ဦးကို ထိုးနှံပေးမည်ခြင်းဖြစ်ကြောင်း သိရသည်။
လှငွေ(မင်းကင်း)