လွိုင်ကော် အောက်တိုဘာ ၂၄
သူနာပြုနှင့်သားဖွားသင်တန်းကျောင်း သတ္တမအကြိမ်မြောက် အပတ်စဉ် (၂၇) သူနာပြု- သားဖွား ဒီပလိုမာ (၃) နှစ် သင်တန်းသား၊ သင်တန်းသူများအား အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ကျန်းမာရေး တိုးတက်မြင့်မားလာစေရန်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်း အဆင့်မြှင့်တင်ရေး၊ ပြည်သူ့ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် သူနာပြုနှင့်သားဖွား ကဏ္ဍတိုးတက်ရေးစသည့် လုပ်ငန်းကြီး (၃) ရပ်ကို အဓိကထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ဒီပလိုမာအောင်လက်မှတ် အပ်နှင်းခြင်းခံရသူများအနေဖြင့် ခေတ်စနစ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ဆေးဘက်ဆိုင်ရာပညာရပ်များကို သူနာပြု ကောင်းတစ်ဦး၏ အရည်အချင်း၊ ကျင့်ဝတ်များနှင့်အညီ လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိနိုင်ငံ၊ မိမိပြည်နယ်၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရေးအတွက် အထောက်အကူပြုနိုင်သူများ ဖြစ်အောင်ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သူနာပြု- သားဖွားသင်တန်းကျောင်း(လွိုင်ကော်) ကျောင်းအုပ်ကြီး ဒေါ်မာမာဆွေက အောင်လက်မှတ်ရရှိသော သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက သင်္ကြန်ယိမ်းအက၊ Fitness Dance၊ ထာဝရသစ္စာ သီချင်းနှင့် ဂရုဏာအလင်း သီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သူနာပြုနှင့်သားဖွားသင်တန်းကျောင်းရှိ သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေနှင့် အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများအား အသီးသီးပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကာ အောင်လက်မှတ်ရရှိသော သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ သည်။
ဆက်လက်၍ သူနာပြု- သားဖွားသင်တန်းကျောင်း(လွိုင်ကော်) ကျောင်းအုပ်ကြီးက သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းအား ဒီပလိုမာအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ ဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားတွင် အောင်လက်မှတ်ရရှိသည့် သင်တန်းသား၊ သင်တန်းသူ (၄၁)ဦးအား ဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းပေးခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနရှိ ဆေးရုံကြီးများ နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများတွင် သူနာပြုဝန်ထမ်းများအဖြစ် တာဝန်ကျရာ ဒေသများသို့ တာဝန်ထမ်းဆောင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)