မကွေးမြို့ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်

မကွေး  အောက်တိုဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက အဆိုပါ မကွေးမြသလွန်စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ မဟာဝိဇယံသီတန်ဆောင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြသလွန်စေတီတော်မြတ်ကြီး ဂေါပက အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်ပရိတ်သတ်များက နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြပြီး မကွေးမြို့၊ ကန်ဦးရတနာကျောင်းတိုက် ပဓာနနာယက မြသလွန်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ သုမင်္ဂလက သာသနာ့အလံတော်ကို အလံတိုင်ထိပ်သို့ လွှင့်တင်ပေးတော်မူကာ ပင့်သံဃာအရှင်သူမြတ်များက ဇယန္တော(၂) ဂါထာတော်ကို ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။

ဆက်လက်၍ မြသလွန်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမြင့်ဦး က မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအခမ်းအနား ဖွင့်လှစ်ကြောင်း ကျူးရင့်ပြီး ဂေါပအဖွဲ့မှ တာဝန်ရှိသူများက ကြေးစည်၊ ခေါင်းလောင်း၊ ထိုးစည်၊ ဘားစည်(၂၄)ချက် တီးခတ်ပေးကာ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အခမ်းအနားတက်ရောက်လာကြသူများက သာဓုအနုမောဒနာ (၃)ကြိမ် ရွတ်ဖတ်ပူဇော်ပေးခဲ့ကြသည်။

ယင်းနောက် မကွေးမြို့၊ ကန်ဦးရတနာကျောင်းတိုက် ပဓာနနာယက မြသလွန်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ သုမင်္ဂလအမှူးပြုသော သံဃာတော်အရှင်သူမြတ်များက မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအထိမ်းအမှတ် ပဌာန်းပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသ တရားတော်များကို ညီညာဖျဖျ ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

မကွေးမြို့၏ ရှေးဟောင်းသမိုင်းဝင် မကွေးမြသလွန်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် သီတင်းကျွတ် လဆန်း(၁၀)ရက်မှ သီတင်းကျွတ်လကုန်အထိ ရက်(၂၀)ကြာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင်လည်း ဗုဒ္ဓပူဇနိယပွဲတော်အား မြန်မာ့ရိုးရာအစားအစာအမျိုးမျိုး၊ လူသုံးကုန်စ္စည်းများနှင့် တောင်သူသုံးပစ္စည်းအမျိုးမျိုး၊ ပရိဘောဂပစ္စည်းအမျိုးမျိုးနှင့် ဒေသထွက်ကုန်ပစ္စည်းအမျိုးမျိုး စသည်ဖြင့် ဈေးဆိုင်ခန်းပေါင်း ၆၀၀ ကျော်ဖြင့် ခင်းကျင်းရောင်းချသွားမှာဖြစ်ကာ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် စေတီတော်မြတ်ကြီးဂေါပကအဖွဲ့မှ အခမဲ့ နားနေဆောင်များ စီစဉ်ထားရှိကြောင်း သိရသည်။

ထို့အပြင် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် စာသင်တိုက်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာအပါး ၁၅၀၀ အား ပင့်ဖိတ်၍ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲနှင့် သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီး ၉၀၀၀၊ နံသာ ၉၀၀၀၊ ပန်း ၉၀၀၀ ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါ မကွေးမြသလွန်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမြင့်ဦးထံက သိရသည်။

ခရိုင်(ပြန်/ဆက်)