တောင်ယာ ဘီးစားရွက်ပင်များအား အိမ်ခြံဝင်းအတွင်း စိုက်ပျိုးလာခြင်းဖြင့် စားဖိုဆောင်အတွက် အထောက်အကူဖြစ်

လိပ်သို အောက်တိုဘာ ၂၄

ကရင်ပြည်နယ်၊ လိပ်သိုဒေသတွင် ဘီးစားရွက် အပင်အမျိုးစုံမှာ မြေနေရာမရွေး အလေ့ကျ ပေါက်ရောက်လေ့ရှိပြီး ဒေသခံများကလည်း ဟင်းလျာအဖြစ် ခူးယူစားသုံးလေ့ရှိကြကြောင်း သိရသည်။

ဘီးစားရွက် အမျိုးအစားများစွာရှိသည့်အနက် တောင်ယာဘီးစားရွက်ပင်များကို အလေ့ကျ ပေါက်ရောက်သည်ဖြစ်စေ၊ စိုက်ပျိုးထားသည်ဖြစ်စေ စားသုံးရန် ပြုစုစောင့်ရှောက်ထိန်းသိမ်းကြသည့်အပြင် အိမ်ခြံဝင်းအတွင်းတွင် စိုက်ပျိုးလာကြပြီး တာရှည်အထားခံ စားသုံးနိုင်ရန် နေလှန်းအခြောက်ခံ ပြုပြင်သိမ်းဆည်းထားကြကြောင်း သိရသည်။

ဒေသခံများက ဘီးစားရွက် အယဉ်ပင်နှင့် အရိုင်းပင်ဟူ၍ ခွဲခြားထားပြီး အရိုင်းပင်များကို တိရိစ္ဆာန်အစာနှင့် ဆေးမြီးတိုများအဖြစ် အသုံးပြုကြကာ အယဉ်ပင်များကို ဟင်းလျာအဖြစ် ဆွတ်ခူးစားသုံးကြသည်။ တောင်ယာဘီးစားရွက်များကို ယခုအခါ ဟင်းလျာအမျိုးမျိုးတွင် အသား၊ ငါးများနှင့်ရောစပ်ကာ ချက်ပြုတ် စားသောက်လာကြပြီဖြစ်၍ အိမ်ခြံဝင်းအတွင်း စိုက်ပျိုးထားခြင်းဖြင့် စားဖိုဆောင်အတွက် အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)