ချောင်းသာပြည်သူ့စာကြည့်တိုက်၌ ပြပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ကျင်းပ

ချောင်းသာ အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပြပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုနိုင်သည့် သုတ၊ ရသ စာအုပ်၊ စာစောင်များကို ခင်းကျင်းပြသပေးခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး ဖတ်ရှုလိုသည့် စာအုပ်၊ စာစောင်များကို စာကြည့်တိုက်တာဝန်ရှိသူများက ငှားရမ်းပေးခဲ့ကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားစေရန်နှင့် အနုပညာရသများ ခံစားသိရှိလာစေရန်အတွက် ပန်းချီပြိုင်ပွဲကို ဆက်လက်းကျင်းပခဲ့ရာ အခြေခံပညာအလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ပြိုင်ပွဲများအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား မြို့ဦးစီးမှူး ဦးဝင်းကျော်ကျော်က ကျောင်းသုံးစာရေးကိရိယာများ လက်ဆောင်ပေးအပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချောင်းသာမြို့ရုံးတွင် ကျောင်းသား/သူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ အသိပညာ ဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ ဆက်)