ကော့ကရိတ် အောက်တိုဘာ ၂၄
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်အိတ်များကို ကော့ကရိတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ပင့်ကျောင်း ၅ ကျောင်းမှ ဆရာတော်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သတိပဠာန်ကျောင်းသစ် ဆရာတော်ဦးပါကဋထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ကော့ကရိတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ပင့်သံဃာဆရာတော်ကြီး ၅ ပါးအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ သီလရှင်များ ဆွမ်းကွမ်းခက်ခဲပင်ပန်းမှု မရှိစေရေးအတွက် ယခုလတွင် ကော့ကရိတ်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၊သီလရှင်ကျောင်းသို့ တစ်တင်းခွဲဆန်အိတ် ၁၀၀ အိတ်တို့အား ပထမအကြိမ် လှူဒါန်းပေးခဲ့ပြီး ကော့ကရိတ်မြို့ပေါ်နှင့် အနီးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း (၂၇)ကျောင်းနှင့် သီလရှင်ကျောင်း (၂)ကျောင်း စုစုပေါင်း ကျောင်း(၂၉)ကျောင်းတို့တွင် သီတင်းသုံးနေတော်မူသော ရဟန်းသာမဏေနှင့် သီလရှင်အပါးပေါ်မူတည်၍ ဆွမ်းဆန်တော်အိတ်များကို သက်ဆိုင်ရာဌာနဆိုင်ရာများက ခွဲဝေဆက်ကပ်လှူဒါန်းပေးခဲ့သည်။
ယင်းနောက် ဆရာတော်ဦးပါကဋထံမှ အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)