ပေါင်းတည်၌ သီတင်းကျွတ်ပွဲတော်မြန်မာ့ရိုးရာမီးပုံးများ မိရိုးဖလာလုပ်ငန်း ဆက်လက်လုပ်ကိုင်ရောင်းချ

 ပေါင်းတည် အောက်တိုဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နှစ်စဉ်စည်စည်ကားကား ကျင်းပလေ့ရှိသော သီတင်းကျွတ်ပွဲတော်အတွက် ပေါင်းတည်မြို့၊ စျေး၂ ရပ်ကွက် ၊၁၁ လမ်းတွင် အလှဆင်မီးပုံးများနှင့် ကလေးကစားစရာ လက်တွန်းအရုပ်မျိုးစုံမီးပုံးများကို စီးပွားဖြစ်ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။

ဝယ်ယူသူတွေကတော့ နေအိမ်နဲ့ခြံဝင်းအတွင်း သစ်ပင်တွေမှာ ချိတ်ဆွဲအလှဆင်မီးထွန်းညှိကာ မြတ်စွာဘုရားအား ရိုးရာမပျက်ကြိုဆိုပူဇော်ဖို့သီတင်းကျွတ်မတိုင်မီကပင် ကြိုတင်ဝယ်ယူလေ့ရှိကြောင်း၊ အနယ်နယ်အရပ်ရပ်ကလည်း နှစ်စဉ်မှာယူဝယ်ယူကြကြောင်း လုပ်ငန်းရှင်ဒေါ်ရှမ်းမက ပြောပြသည်။ အရင်ကဆိုရင်သီတင်းကျွတ်ပွဲတော်အတွက် ရောင်စုံစက္ကူတွေနဲ့ အလှဆင်ထားတဲ့ ကလေးကစားစရာ လက်တွန်းလှည်း မီးပုံးတွေ၊ ချိတ်ဆွဲအလှဆင်တဲ့ မီးပုံးတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်ရောင်းချခဲ့တာပါ။ ဟိုးအရင်နှစ်တွေက မီးပုံးလုပ်ငန်း လုပ်ကိုင်ကြသူတွေများပြားခဲ့ပေမယ့် အခုနောက်ပိုင်း အတော်နည်းပါးသွားပါပြီ၊ ကျမတို့အနေနဲ့ ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာ စီးပွားရေးလုပ်ငန်းဖြစ်လို့ ဆက်လက်လုပ်ကိုင်နေပါတယ်ဟု ဆက်လက်ရှင်းပြသည်။

အဆိုပါ မီးပုံးလုပ်ငန်းကို မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး နှစ်စဉ်အနယ်အရပ်ရပ်မှ ကြိုတင်မှာယူ ဝယ်ယူသောကြောင့် ၆လခန့်ကြိုတင်၍ ပုံကြမ်းများပြုလုပ်ထားရကြောင်း၊ လက်တွန်းမီးပုံး တစ်လုံးလျှင် ၃၀၀၀ ကျပ်၊ ၄၅၀၀ ကျပ်နှင့် အလှဆင်မီးပုံးတစ်လုံးလျှင် ၃၀၀၀ ကျပ် ဝန်းကျင်ဖြင့် လက်လီရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက် )