မြဝတီ အောက်တိုဘာ ၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများ Quick Win အစီအမံငါးရပ်အား တိကျစွာလိုက်နာနိုင်ရေး ပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ ဘုရာကြီးကျောင်းတိုက်ရှေ့၌ ဆောင်ရွက်သည်။
အဆိုပါပညာပေးဆောင်ရွက်ခြင်းကို အမှတ်(၇၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်လင်းဌေး၊ မြို့နယ်တရားသူကြီးဦးဝေဇင်မန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးကျော်ကျော်ဦး၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ဇေဝင်း၊ ခရိုင်ပို့ဆောင်ဆက်သွယ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထင်ကျော်၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဖြိုးမင်းဇော်၊ မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေး အထောက်အကူပြုဆပ်ကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းတို့ ဦးဆောင်၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့တို့သည် ယာဉ်မောင်းသူများ လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်တွင် ပါဝင်သည့်အချက်များ၊ မော်တော်ယာဉ်များအတွက် သတ်မှတ်ဧရိယာအတွင်း မောင်းနှင်ရမည့် မိုင်နှုန်းများရှင်းလင်းပေးပြီး စည်းကမ်းချက်နှင့်အညီ မလိုက်နာသူများအား ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)