ပွင့်ဖြူ အောက်တိုဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေးများအားလုံးကို ပလတ်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၃ ရက်၊ ယနေ့ နံနက် ၇နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ဈေးကော်မတီဝင်များနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာ ကျေးရွာရှိ ကျေးလက် စည်ပင်သာယာဈေးများရှိ ဈေးရောင်း ဈေးဝယ် ပြည်သူများကို ပလတ်စတစ်သုံးစွဲမှု လျော့ချရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာ ကျေးလက် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ ဈေးရောင်း ဈေးဝယ်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ် အစားထိုးပစ္စည်းများ ဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုး ရောင်းချသွားကြရန်၊ ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ် ထိခိုက်ပျက်စီးခြင်းနှင့် ကျန်းမာရေး ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှု အခြေအနေများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်း ဈေးဝယ်သူများအား သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပလတ်စတစ်ပစ္စည်း လျော့ချနိုင်ရေး အစားထိုး အသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူ တို့ကို အခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြပြီး ဈေးပတ်ဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်းများ ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)