ရွှေသောင်ယံကမ်းခြေတွင် သီတင်းကျွတ်အမီ ယာယီဈေးဆိုင်ငယ်များပြုလုပ်

ရွှေသောင်ယံ အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ကမ်းခြေတွင် သီတင်းကျွတ်အချိန်အခါနီးသည့် အားလျော်စွာ ကမ်းခြေတွင် မိုးပါး၍ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် ကမ်းခြေသို့ အပန်းဖြေရန်လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များအား မျှော်မှန်း ကာ သီတင်းကျွတ်အမီရောင်းချကြမည့် ယာယီဈေးဆိုင်များ ပြုလုပ်လာကြပြီဖြစ်သည်။

အဆိုပါ ဈေးဆိုင်များတွင် ခရီးသွားဧည့်သည်များအတွက် ပင်လယ်ခရုများဖြင့် ပြုလုပ်ထားသည့် လက်ဆောင်ပစ္စည်းများ၊ ဒေသထွက် ငပိ၊ ငါးခြောက် စသည့်စားသောက်ကုန်များ၊ ပင်လယ် အစားအစာများ၊ ထမင်း၊ ဟင်းများ၊ ဒေသအစားအစာမုန့်မျိုးစုံများ၊ အုန်းရည်သောက်များ၊ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များ အပန်းဖြေရေကူးနိုင်ရန် ဘောကွင်းများစသည်ဖြင့် ရောင်းချ၊ ငှားရမ်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရွှေသောင်ယံကမ်းခြေတွင် တည်းခိုစရာဟိုတယ်များ နည်းပါးသေးပေမယ့် တစ်နှစ်ထက်တစ်နှစ် လူသိများလာသော ကမ်းခြေတစ်ခုဖြစ်သည်။ ထို့ကြောင့် ယခုနှစ်ပွင်လင်းရာသီတွင် ကမ်းခြေသို့ အပန်းဖြေ လာရောက်ကြသည့် ဧည့်သည်များ ပိုမိုများပြားလာနိုင်၍ ဒေသခံများမှ ယာယီ ဈေးဆိုင်ငယ်များ ဆောက်လုပ်လာလျက်ရှိသည်။ ကမ်းခြေတွင် ယာယီဈေးဆိုင်ငယ်များ ဖွင့်လှစ် ခြင်းဖြင့် ဒေသခံများမှလည်း ဝင်ငွေတိုးကာ ဧည့်သည်များအတွက်လည်း အဆင်ပြေပြေ အပန်း ဖြေနိုင်မည်ဖြစ်သည်။

ရွှေသောင်ယံ(ပြန်/ဆက်)