ဘားအံ အောက်တိုဘာ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဘားအံ)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၇)နှင့် ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၂၁) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခန့်က အဆိုပါသင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းတက်ရောက်ခွင့်ရရှိကြသည့် သင်တန်းသူသမီးငယ်များအနေဖြင့် သင်တန်း၏ရည်ရွယ်ချက်အတိုင်း စာရိတ္တမြင့်မားပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်စောင့်ထိန်းသော တိုင်းချစ်၊ ပြည်ချစ်၊ အမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်နေသည့် အမျိုးသမီးလေးများအဖြစ် အစဉ်ခံယူကျင့်သုံးပြီး သင်ကြားပေးသည့်သင်ခန်းစာများကို ကြိုးစားသင်ယူ၍ စုပေါင်းနေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်အောင် လေ့ကျင့်ကြစေလိုကြောင်း၊ စက်ချုပ်ပညာရပ်နှင့်ဂျပ်ခုတ်ပညာရပ်တို့မှာ အမျိုးသမီးကလေးများအတွက် အသင့်တော်ဆုံးနှင့် ဘဝအာမခံချက်အပြည့်အဝပေးနိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ပြီး မည်သည့်အခါမှတိမ်ကော ပျောက်ကွယ်သွားမည့် ပညာရပ်မဟုတ်သည့်အတွက် အထူးကြိုးစားသင်ယူလေ့လာကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအတွက် စားသုံးဆီ၊ ကြက်သွန်၊ ပဲဝါခြမ်းအစရှိသော အခြေခံစားသောက်ကုန်များကို ကျောင်းအုပ်ဆရာမကြီးထံထောက်ပံ့ပေးအပ်ပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် ထောက်ပံပစ္စည်းများပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇)၌ သင်တန်းသူ(၃၀) ဦးနှင့် ရိုးရာဂျပ်ခုတ်သင်တန်းအမှတ်စဉ်(၂၁)၌ သင်တန်းသူ(၅)ဦး စုစုပေါင်းသင်တန်းသူ (၃၅) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၁၈ ပတ်ကြာမြင့်မည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြား၍ ယခင်သင်တန်းဆင်းလက်ရာများနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)၏ သင်တန်းခန်းမပတ်လည်တွင် မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး စနစ်တကျဖြစ်စေရေး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
အလားတူ မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် သီတင်းကျွတ်မီး ထွန်းပွဲတော် ဆီမီး(၁၀၀၀) ပူဇော်ပွဲတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကောင်းမှုကုသိုလ်ပြုခြင်းဖြစ်သဖြင့် အဘက်ဘက်မှပြည့်စုံအောင် ကြိုတင်စီမံဆောင်ရွက်ထားကြစေလိုပြီး ပြည်သူများနှင့် ခရီးသွားဧည့်သည်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်စေရေးနှင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် အထောက်အကူပြုလုပ်ငန်း ကော်မတီများကို ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍများ အလိုက်လုပ်ငန်းများဆောင်ရွက် ရာတွင် လစ်ဟာမှုမရှိစေရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပြီး လိုအပ်သည်များအား ဆွေးနွေးတင်ပြပေးကြစေလိုကာ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အထောက်အကူပြုလုပ်ငန်းကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာကော်မတီများအလိုက် ကြိုတင်စီမံဆောင်ရွက်ထားမှုများ၊ ပေါင်းစပ်ညှိနှိုင်းပေးရန် လိုအပ်သည်များအား ဆွေးနွေးတင်ပြကြပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူ များက ဆွေးနွေးတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းခဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)