မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူ (Book Club)အသင်းဝင်များဖြင့်  စာဖတ်ဝိုင်းကျင်းပ

မြဝတီ အောက်တိုဘာ  ၂၄

ကရင်ပြည်နယ်၊  မြဝတီခရိုင်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community   Centre)ခန်းမ၌  စာပေချစ်မြတ်နိုးသူများ စုပေါင်း၍   ယမန်နေ့နံနက် ၁၁ နာရီတွင် စာရေးဆရာ  ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့် အကောင်းဆုံးသောဘဝကို   တည်ဆောက်ခြင်း  စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပေးပြီး စာရေးဆရာမောင်ရဲမာန်(မြဝတီ)က လူငယ်နှင့်အမှား၊ လူငယ်နှင့်အောင်မြင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းပြဆရာမ ဒေါ်မေသဇင်ချစ်က ပညာရေးအစ  စာအုပ်များဖြင့် အစပြုပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  စာပေ ဝါသနာရှင် ဦးရွှေက လူမျိုးမြင့်ဖို့  စာဖတ်စို့ ခေါင်းစဉ်ဖြင့်လည်းကောင်း  ဦးဆောင်ဆွေးနွေးပေးကြသည်။

ဆက်လက်၍ စာပေဝါသနာရှင် ကျောင်းသား၊ကျောင်းသူများက စာအုပ်တွင်ပါဝင်သည့် ခေါင်းစဉ်များ အလိုက် အကြောင်းအရာတစ်ခုချင်းစီ  မိမိတို့၏အမြင်များဖြင့် ရှုထောင့်အသီးသီးမှ အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီး စာရေးဆရာမောင်ရဲမာန်(မြဝတီ)က လူငယ်ဆိုသည်မှာအမှားမကင်း၍ ထိုအမှားမှ အမှန်ပြင်နိုင် ရမည်ဖြစ်ကြောင်း၊ ဖတ်ရှုသည့်စာအုပ်အပေါ် အကြောင်းအရာအလိုက် သုံးသပ်ချက်အမြင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ခွန်းအားဖြစ်စေမည့် အားပေးစကားများပြောကြားပေးခဲ့ကြောင်း သိရသည်။                                                      

ဇာဖြူဝင်း(ပြန်/ဆက်)