ရေနံချောင်း အောက်တိုဘာ ၂၄
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံကွန်ပျူတာကာလတိုသင်တန်းကို လာမည့်နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ရာ အခြေခံပညာအလယ်တန်းအဆင့်ရှိသူများ တက်ရောက်နိုင်ကြောင်း သိရသည်။
အခြေခံကွန်ပျူတာ ကာလတိုသင်တန်းတွင် အခြေခံ ကွန်ပျူတာစာစီစာရိုက်၊ Word၊ Excel စသည့် လုပ်ငန်းသုံး အခြေခံကွန်ပျူတာအသုံးပြုနည်းများကို အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)မှ သင်တန်းဆရာများက နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ ၄ နာရီမှ ၆ နာရီ အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ဆရာမကြီးထံက သိရသည်။
အဆိုပါ သက်မွေးပညာကာလတိုသင်တန်း တက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာများကို အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းသားရေးရာဌာနတွင် ထုတ်ယူနိုင်ကြောင်း၊ လျှောက်ထားလိုသူများက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်နှင့် မှတ်ပုံတင်မူရင်း/မိတ္တူ ပါရှိရမည် ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ကျောင်းသားရေးရာဌာန ဖုန်းနံပါတ် ၀၉-၈၉၀၂၅၁၃၄၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး သတ်မှတ်သင်တန်းသားဦးရေ ပြည့်မီသည်အထိ လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)