ထားဝယ် အောက်တိုဘာ ၂၃
၂၀၂၃ ခုနှစ်၊ ဗဟိုအဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် အမျိုးသမီးတံခွန်စိုက် ဒိုင်းဆုနှင့် စုပေါင်းတံခွန်စိုက် ဒိုင်းဆုဆွတ်ခူးရရှိသော ပြေးခုန်ပစ်အားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် ပြေးခုန်ပစ် အားကစားနည်းတွင် မြန်မာ့လက်ရွေးစင်အားကစားသမားများ မွေးထုတ်ပေးနိုင်သော အစဉ်အလာရှိသည့် တိုင်းတစ်ခုဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင်ကျင်းပသော ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့လက်ရွေးစင် အားကစားပြိုင်ပွဲတွင် ရွှေ(၈)ခု၊ ငွေ(၉)ခု၊ ကြေး(၅)ခုနှင့် အမျိုးသမီးတံခွန်စိုက် ဒုတိယဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် မီတာ ၁၀၀ ပြေးခုန်ပစ်၌ မြန်မာပြည်စံချိန်ချိုးခဲ့သည့် ရွှေတံဆိပ်ဆု တစ်ဆုအပါအဝင် ရွှေ(၂၄)ခု၊ ငွေ(၇)ခု ကြေး(၃)ခုနှင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆုတို့ကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြေးခုန်ပစ်အားကစားသမားများ နိုင်ငံတော်အဆင့်ပြိုင်ပွဲ ကွင်းတွင် သွားရောက်ယှဥ်ပြိုင်သည့် ပြိုင်ပွဲကွင်းပြေးလမ်းအတိုင်း လေ့ကျင့်ယှဉ်ပြိုင်နိုင်အောင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ် (၇၉၈)သန်းအကုန်ကျခံပြီး Synthetic ပြေးလမ်းကို တိုင်းအားကစားကွင်းမှာ ဆောက်လုပ်ပေးခဲ့သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၀ ခုနှစ်တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း မီတာ (၄၀၀)ပြေးလမ်းကို Synthetic ပြေးလမ်းခင်းပေးခဲ့ခြင်းသည်လည်း အောင်မြင်မှုများ၏ သော့ချက်တစ်ခုဖြစ်ကြောင်း၊ အသက်(၁၈) နှစ်အောက်နှင့် အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် အကြိမ်ကြိမ်အောင်မြင်မှုများ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့သော ပြေးခုန်ပစ်အားကစား သမားများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်သော်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသော ပြည်သူလူထုများ၏ ကိုယ်စားသော်လည်းကောင်း များစွာနှစ်ထောင်းအားရချီးကျူးဂုဏ်ပြုပါကြောင်း တိုင်းဒေသကြီး ပြေးခုန်ပစ် အဖွဲ့အနေဖြင့်ရရှိပြီးသော အောင်မြင်မှုများကို အနာဂါတ်သို့တိုင်အောင် ထိန်းသိမ်းသယ်ဆောင် သွားနိုင်ရန်အတွက် မလျော့သောဇွဲ၊ လုံ့လ ဝီရိယ၊ အားမာန်၊ စိတ်ဓါတ်များဖြင့် ဆက်လက်ကြိုးပမ်း အားထုတ်သွားကြရန်၊ တရားသဖြင့်ယှဉ်ပြိုင်နိုင်အောင်ကြိုးပမ်း”၊ “ယှဉ်ပြိုင်လျှင်နိုင်ရမည်ဆိုသည့် ဆောင်ပုဒ်များကို လက်ကိုင်ထားပြီး တိုင်းဂုဏ်ဆောင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူများက ရရှိလာသော ဆုဖလားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အပ်နှံသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ရွှေတံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုငွေ(၁၈၀)သိန်း ကျပ်အားလည်းကောင်း၊ ငွေတံဆိပ်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေ(၂၁)သိန်းကျပ်အားလည်းကောင်း၊ ကြေးတံဆိပ်ရရှိသူများအား ဂုဏ်ပြုဆုငွေ (၄)သိန်း(၅)သောင်းကျပ်အားလည်းကောင်း၊ စတုတ္ထ၊ ပဥ္စမ၊ ဆဌမ၊ ရရှိသည့် ကစားသမား(၉)ဦးအား ဂုဏ်ပြုဆုငွေ(၄)သိန်း (၅)သောင်းကျပ်အားလည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲစံချိန်ချိုးသူ (၅)ဦးအား ဂုဏ်ပြုဆုငွေ(၁၁)သိန်း ကျပ်အားလည်းကောင်း၊ မြန်မာပြည်စံချိန်ချိုးသူ မောင်ထက်ရှိုင်းအောင်အား ဂုဏ်ပြုဆုငွေ (၁၀)သိန်းကျပ်အားလည်းကောင်း၊ အုပ်ချုပ်/ နည်းပြ/ ဒိုင်အဖွဲ့အား ဂုဏ်ပြုဆုငွေ (၁၈)သိန်းကျပ်အားလည်းကောင်း၊ ပြေးခုန်ပစ်ဆပ်ကော်မတီက ဂုဏ်ပြုဆုငွေ (၁၀) သိန်း ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးအဖွဲ့က ဆုရအားကစားသမားများအား ဂုဏ်ပြုဆုငွေ(၁)သိန်း(၅)သောင်းကျပ်အားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ပြီး ဆုရအားကစားသမားများကိုယ်စား ပြေးခုန်ပစ်အသင်း အုပ်ချုပ်သူဒေါ်သန်းသန်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)