လှိုင်းဘွဲ အောက်တိုဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ် ငန်းပညာသင်တန်းကျောင်း(မြိုင်ကြီးငူ)၌ အမျိုးသမီးစက်ချုပ်သင်တန်းအမှတ်စဉ်(၇)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ရာ ကရင် ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က လူငယ်တွေရဲ့ အသက်မွေးပညာ ကျွမ်းကျင်မှုများဟာဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အလွန်အရေးကြီးကြောင်း၊ စက်ချုပ်ပညာနှင့်ပတ်သက်ပြီး ပုဂ္ဂလိက သင်တန်းတွေ များပြားပေမယ့်နိုင်ငံတော်အစိုးရအနေဖြင့်လည်း အခမဲ့သင်တန်းတွေကို တိုင်းရင်းသားနယ်မြေများတွင်စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးနေရခြင်းမှာ အရင်းအနှီးအားနည်းသည့် တိုင်းရင်းသူလေးများအတွက် အားထားစရာအခွင့်အရေးကောင်းတစ်ရပ်ဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပေးသည့် သင်ခန်းစာများကို ကြိုးစားသင်ယူပြီး စုပေါင်းနေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်အောင်လေ့ကျင့် ကြရန်၊ ရိုးရာအိမ်တွင်းမှုပညာရပ်များကို တန်ဖိုးထားသင်ယူကြရန်၊ စက်ချုပ်ပညာရပ်ရပ်များမှ အမျိုးသမီးကလေးများအတွက် အသင့်တော်ဆုံးနှင့် ဘဝအာမခံချက်အပြည့်အဝပေးနိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ပြီး မည်သည့်အခါမျှတိမ်ကော ပျောက်ကွယ်သွားမည့် ပညာရပ်မဟုတ်သည့် အတွက်အထူးကြိုးစားသင်ယူလေ့လာကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်လှူဒါန်းသည့် အခြေခံစားသောက်ကုန်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှပေးအပ်ရာ သင်တန်းကျောင်းအုပ်မှ လက်ခံရယူခဲ့ပြီး သင်တန်းကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာကိစ္စရပ်များကို တင်ပြခဲ့သည်။
အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၂၃)ရက်နေ့မှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ(၂၅)ရက်နေ့အထိ ရက်သတ္တပတ်(၁၈)ပတ်အကြာ စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး လှိုင်းဘွဲမြို့နယ်နှင့် ဖာပွန်မြို့နယ်တို့မှ သင်တန်းသူစုစုပေါင်း (၃၀)ဦးတက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြိုင်ကြီးငူအထူးဒေသရှိ ဒုတိယမြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တ ဉာဏိကထံ သွားရောက်ဖူးမျှော်၍ လှူဖွယ်ပစ္စည်းနှင့် ဝထ္တုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် တိုက်နယ်ဆေးရုံးသို့သွားရောက်၍ ဆေးကုသခံယူနေကြသည့် လူနာများအား အာဟာရပစ္စည်းများထောက်ပံ့ခြင်းနှင့် တိုက်နယ်ဆေးရုံဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောဖိုးခွား(ပြန်/ဆက်)