ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံဧက ခုနှစ်သောင်းကျော် လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်

ပွင့်ဖြူ အောက်တိုဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းရှိ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် တစ်မြို့နယ်လုံး ဆောင်းသီးနှံစုံစိုက်ဧက ခုနှစ်သောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေအပြင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ပါ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်သည့်အတွက် (နွေ၊ မိုး၊ ဆောင်း)တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း မြို့နယ်အတွင်း လယ်ယာသီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ ၊ နေကြာ ၊ နှမ်း ၊ ပန်းနှမ်း စိုက်ပျိုးခြင်းအပြင် ဖူးစားပြောင်း ၊ ပဲမျိုးစုံသီးနှံ ၊ စားဖိုဆောင်သီးနှံမျိုးစုံနှင့် အခြား အထွေထွေစားသုံးသီးနှံများကို စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ သီးနှံများ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်း သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အခြေခံစိုက်ပျိုးရေး နည်းပညာများနှင့် သွင်းအားစုပစ္စည်း သုံးစွဲပုံအဆင့်ဆင့်ကို တောင်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ပွင့်ဖြူမြို့နယ်အနေနဲ့ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားနပ်ရိက္ခာဖူလုံစေရေး၊ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ပြီး တစ်မြို့နယ်လုံး ဆောင်းသီးနှံစုံ စိုက်ဧက ၇၅၉၉၅ ဧက လျာထား စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ဒီဒေသက စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် စိုက်ပျိုးရေး လုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ စိုက်ပျိုးသွားမည့် ဆောင်းသီးနှံတွေကတော့ မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပန်းနှမ်း စတဲ့ ဆီထွက်သီးနှံစုံ စိုက်ဧက၂၂၁၈၃ ဧက ၊ ပဲမျိုးစုံသီးနှံတွေဖြစ်တဲ့ မတ်ပဲ ၊ ပဲကြီး ၊ ပဲကြား ၊ စားတော်ပဲ ၊ ကုလားပဲ ၊ ပဲလွမ်း ၊ ပဲနောက် ၊ ပဲယင်း ၊ ထောပတ်ပဲ ၊ ပဲပုတ်နဲ့ အခြားပဲ စတဲ့ ပဲမျိုးစုံသီးနှံ စိုက်ဧက ၃၉၆၄၉ ဧက ၊ စားဖိုဆောင်သီးနှံစုံ စိုက်ဧက ၄၃၂၃ ဧက ၊ ကျွဲနွားတိရစ္ဆာန်အစာ ၇၄၂၅ ဧက၊ အခြား အထွေထွေစားသုံးသီးနှံ ၃၈၅ ဧက၊ စုစုပေါင်း ဆောင်းသီးနှံစုံစိုက်ဧက ၇၅၉၉၅ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒေသခံတောင်သူတွေကိုလဲ ဆောင်းသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးကြဖို့ ၊ သီးနှံ အထွက်နှုန်းများ တိုးတက်စေရန် စိုက်နည်းစနစ်တွေ စနစ်တကျ မှန်ကန်အောင် စိုက်ပျိုးကြဖို့နဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်တဲ့ သဘာဝမြေဩဇာ သဘာဝပိုးသတ်ဆေးတွေ ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်ဖို့အတွက်ကို စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု(၅၆)စု၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ထိုသို့ စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သီးနှံဈေးကွက်အခြေနေပေါ်မူတည်ပြီး ဈေးကောင်းရရှိသည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိ၍ တောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )