ပခုက္ကူ အောက်တိုဘာ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က “ကျေးလက်ဒေသဆင်းရဲ နွမ်းပါးမှုများလျှော့ချနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ကျေးလက်ဒေသရှိ အမျိုးသမီးငယ်များအား အိမ်တွင်းမှုပညာရပ်များ တက်ရောက်သင်ယူစေခြင်းဖြင့် မိမိနိုင်ငံနှင့် မိမိဒေသတို့တွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က သင်တန်းကျောင်းသမိုင်းကျဉ်း၊ သင်တန်းအမျိုးအစားနှင့် ဘာသာရပ်များ၊ ဆက်လက်ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများအကြောင်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းသူများကို အားပေးစကားပြောကြပြီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတွင် သင်ကြားပို့ချပေးမည့် အဝတ်အထည်ဒီဇိုင်းမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသနေမှုကို လိုက်လံကြည့်ရှုကြသည်။
အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့အထိ သင်တန်းကာလ (၂၂)ပတ်ကြာ စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ (၃၀)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)