ပေါက်ခေါင်း အောက်တိုဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများတွင် ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ(၄၄၂၃၇)ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်ရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုက်ကိုင်ကြပြီး၊ နှစ်စဉ်နွေစပါး၊ မိုးစပါးသီးနှံ၊ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပဲမျိုးစုံနှင့် ဝါများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မတ်ပဲ၊ ပဲတီစိမ်းအပါအဝင် အခြားပဲအမျိုးအစားအစုံကို ရာသီချိန်အမီ စိုက်ပျိုးမည်ဖြစ်ရာ မတ်ပဲ(၁၂၈၄၀)ဧက၊ ပဲတီစိမ်း(၁၀၉၆၆)ဧက၊ ကုလားပဲ(၆၇၃၆)ဧက၊ ပဲကြီး(၁၈၃၆)ဧကနှင့် ပဲနောက်(၆၁၄၂)ဧကနှင့် ဆောင်းမြေပဲ (၅၇၁၇)ဧကစုစုပေါင်း ပဲမျိုးစုံ(၄၄၂၃၇)ဧကကို လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။ မတ်ပဲစိုက်ပျိုးမည့် တောင်သူများအနေဖြင့် နိုဝင်ဘာလအတွင်း အပြီးစိုက်ပျိုးမှသာ ပိုးမွှားကင်းစင်ပြီး အထွက်နှုန်းကောင်းမွန်ကြောင်း နှစ်စဉ်မတ်ပဲစိုက်ပျိုးသည့် တောင်သူများက ပြောကြားသည်။ ပဲမျိုးစုံမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်နိုင်ရေး၊ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ပိုးမွှားကျရောက်မှုမရှိစေရေးအတွက် နည်းပညာများ ဖြန့်ဝေအသိပေးခြင်းလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံပဲမျိုးစုံကို လျာထားချက်ထက်ကျော်လွန်စိုက်ပျိုးရန် ရည်မှန်းထားကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)