ထီးလင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေး

ထီးလင်း အောက်တိုဘာ ၂၁

ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံး၌ အငြိမ်းစား ဝန်ထမ်းများအား ယနေ့ နံနက် ၈ နာရီမှစ၍ ပင်စင်လစာများ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ပင်စင်လစာများ စတင်ထုတ်ပေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ သက်ကြီးရွယ်အို(အငြိမ်းစား)များ ပင်စင်လစာ ထုတ်ယူရာ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေး သတ်မှတ်အကွာအဝေးတွင် ထိုင်ခုံများ စနစ်တကျနေရာ ချထားပေး ခြင်း၊ ရုံးအဝင်ပေါက်ဝ၌ လက်သန့်ဆေးရည်များဖြင့် လက်များ ဆေးကြောသန့်စင်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

ထီးလင်းမြို့နယ်တွင် ပင်စင်(အငြိမ်းစား)ဝန်ထမ်းဦးရေ ၉၀၀ ကျော်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေး တို့အတွက် ငွေပေးကောင်တာ(၃)ခု ထားရှိ၍ (၅)ဦး စီသာ အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း၊ စတင်ထုတ်ပေးသည့် ပထမနေ့(ယနေ့)တွင် ပင်စင်လစာ လာရောက်ထုတ်ယူသူ အငြိမ်းစားဝန်ထမ်း  ၃၀၀     ဦးခန့် ရှိကြောင်း၊ ပင်စင်လစာများကို ယနေ့မှစ၍နေ့စဉ် နံနက် ၈ နာရီမှ နေ့လယ် ၃ နာရီ အထိ အုပ်စု(၅)အုပ်စုခွဲကာ (၅) ရက်ကြာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးမှ သိရှိရသည်။

အောင်စည်(ပြန်/ဆက်)