လိပ်သို အောက်တိုဘာ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဥယျာဉ်ခြံလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းအပြင် သီးပင်စားပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ယခုအခါ ကျွဲကောသီးများ လှိုင်လှိုင်ပေါ်ချိန်၌ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသ၌ ကျွဲသောသီးပင်များကို မိမိနေအိမ်ခြံဝင်းအတွင်း မြေကွက် လပ်၌ အရိပ်ရပင်အဖြစ်သော်လည်းကောင်း၊ စားသုံးရန် အတွက်သော်လည်းကောင်း စိုက်ပျိုးကြပြီး စီးပွားဖြစ်စိုက်ပျိုးကြခြင်းမရှိကြောင်း၊ ဥယျာဉ်ခြံနှင့် တောင်ယာများ၌လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ နှစ်စဉ်ဆောင်းရာသီဝင်စအချိန်တွင် ရင့်မှည့်ကာ ခူးဆွတ်ရောင်းရကြောင်း ကျွဲကောသီးစိုက်ပျိုးသူ ဒေသခံတစ်ဦးထံမှ သိရသည်။
ကျွဲကောသီးများကို လိပ်သိုမြို့ပေါ်တွင် တစ်လုံးလျှင် ငါးရာကျပ်ဖြင့် ရောင်းချရပြီး ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့မှ ကျွဲကောသီးဝယ်ယူသူများက အိမ်တိုင်ရာရောက် အလုံးရာချီ လာရောက်ဝယ်ယူကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)