အုတ်ဖို အောက်တိုဘာ ၂၁
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကျေးရွာအုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းပြီး ဆွေးနွေး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး နှင့် အဖွဲ့တို့သည် မကျီးပင်၊ တယ်ပင်ရိုး၊ လေးတဲ၊ ကျွန်းကောက်ပင် ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် (အဖွဲ့ခွဲ) ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံကာ ထားရှိဆောင်ရွက်သွားမည့် မဲရုံများအား လိုက်လံကြည့်ရှုပြီး ဦးကျော်ဇင်ဦးက ရွေးကောက်ပွဲကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန် လိုကြောင်း၊ မဲရုံများတွင် တာဝန်ယူဆောင်ရွက်သွားကြမည့် သူများအနေနဲ့လည်း ရောဂါပိုးကူးစက် မခံရဖို့လို ကြောင်း ပြောကြားပြီး ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင်မှ ရွေးကောက်ပွဲ ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာသူရဌေးမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်က မဲရုံများတွင် တာဝန်ယူ ဆောင်ရွက်ကြမည့် ပညာရေး ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)