မုံရွာ အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ နာဂယဉ်ကျေးမှုပြတိုက် တွင်ကျင်းပပြုလုပ်သော လေရှီးမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပ ပြုလုပ်မည့် နာဂတိုင်းရင်းသားတို့၏ နှစ်သစ်ကူးရိုးရာပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဒေသရှိဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားများမှ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ရိုးရာ နှစ်သစ်ကူးပွဲတော်သို့ လာရောက်ကြမည့် ဧည့်သည်များ၊ ဒေသခံတိုင်းရင်းသား အကအဖွဲ့များ အဆင်ပြေစွာ နေထိုင်သွားလာနိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ လိုအပ်ချက်မရှိအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် မှာကြားလို ပါကြောင်း၊ နှစ်သစ်ကူးရိုး ရာပွဲတော်ကျင်းပမည့် ရိုးရာကွင်းအတွင်း ကြိုတင်ဆောင်ရွက်မည့် ပြင်ဆင်မှုများ၊ တည်ဆောက်ရေးလုပ်ငန်းများအား စနစ်တကျရှိစေရေးနှင့် ကြံ့ခိုင်မှုရှိစေရေးတို့အား အလေးထားဆောက်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ရိုးရာပွဲတော်ကြီးအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ပံ့ပိုး ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် လေရှီးမြို့ရှိ မြို့မိမြို့ဖများ၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများက ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလတွင် ကျရောက်မည့် နာဂရိုးရာနစ်သစ်ကူးပွဲတော်ကြီး စည်ကားသိုက် မြိုက်စွာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၄-ခုနှစ်၊ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမည့် ရိုးရာကွင်းအတွင်း ကြိုတင်ပြင်ဆင် အကွက်ချထားမှုများနှင့် စတိတ်စင်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝနှ်ရှိသူများသည် လေရှီးမြို့၊ မြို့တော်ခန်းမ တည်ဆောက်နေမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တည်ဆောက်ရေးလုပ်ငန်းများ သက်မှတ်ကာလတွင် စံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်ပြီးစီးရေးတို့အား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့နယ်၊ ဒိန်းဂလိန်းကျေးရွာရှိ လှေကားထစ်လယ်ယာစနစ်ဖြင့် ကွင်းအမှတ် - OSS 3 ၊ ဦးပိုင်အမှတ် - ၁၁၃ တွင် တောင်သူ ဦးယားပေါ့ စိုက်ပျိုးထားသည့် GW 11 မိုးစပါး ပန်းတိုင်အထက် ထွက်ရှိရေး စံပြကွက် ရိတ်သိမ်းနေမှုအား ဒေသခံတောင်သူများနှင့် ကြည့်ရှုအားပေးပြီး ဒေသခံတိုင်းရင်းသား တောင်သူများအတွက် မျိုးကောင်း၊ မျိုးသန့်များ ရရှိရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ GW 11 မိုးစပါးပန်းတိုင်အထက် ထွက်ရှိရေးစံပြကွက် ရိတ်သိမ်းရာတွင် တစ်ဧက ၁၃၇ တင်းထွက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်