ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ် (၂၆) သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

ပြည် အောက်တိုဘာ ၂၃

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (ပြည်)၏ အပတ်စဉ်(၂၆) သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း သတ္တမအကြိမ် ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်သည်။

အခမ်းအနားတွင် ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူများ၊  သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ် သင်တန်းသား/ သင်တန်းသူများနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြပြီး သင်‌တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများကို ရင်းရင်းနှီးနှီး နုတ်ဆက်အားပေးစကားပြောကြားသည်။

ထို့နောက် ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ ဆက်လက်ကျင်းပရာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (ပြည်)မှ ကျောင်းအုပ်ကြီး ဒေါ်စန်းစန်းဌေးက အဆိုပါသင်တန်းကျောင်း၏ အပတ်စဉ်(၂၆) သင်တန်းသား/သင်တန်းသူ ၁၂၂ ဦးအား ဒီပလိုမာအောင်လက်မှတ်များ အပ်နှင်းချီးမြှင့်ပြီး ယင်းအောင်လက်မှတ်အပ်နှင်းခြင်းကို အတည်ပြုကာ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားသို့ သင်တန်းသား၊ သင်တန်းသူများ၏ မိဘ/ အုပ်ထိန်းသူ‌ ဆွေမျိုးမိသားစုများလည်း တက်ရောက်ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)