ရေတာရှည်မြို့နယ်၌ ကြံသီးနှံလမိုင်းအထွက်နှုန်း တိုးတက်‌အောင်ဆောင်ရွက်ခြင်းနှင့် စနစ်တကျခုတ်သိမ်းခြင်း နည်းပညာပေး‌ဆွေးနွေးပွဲကျင်းပ

ရေတာရှည် အောက်တိုဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကြံသီးနှံလမိုင်း အထွက်နှုန်းတိုးတက်‌အောင် ဆောင်ရွက်ခြင်းနှင့် စနစ်တကျခုတ်သိမ်းခြင်း နည်းပညာပေး‌ဆွေးနွေးပွဲ အခမ်းအနားကို ယမန်​နေ့​​မွန်းလွဲပိုင်းက ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း တိုးတက်မှုမြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊  ကြံသီးနှံမျိုးသန့်ခြံ (ဘိုးတော်ကုန်း) တာဝန်ခံဦးဇော်မြင့်နိုင်မှ ကြံပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ စနစ်တကျခုတ်သိမ်းရေး နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် တောင်သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။  

အဆိုပါ အခမ်းအနားသို့ ကြံစိုက်ပျိုးသည့် ကျေးရွာအုပ်စုများမှ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ရေတာရှည်အမှတ် ၆ သကြားစက်တာဝန်ခံနှင့်  ကြံစိုက်တောင်သူများ စုစုပေါင်အင်အား ၈၀ ဦးခန့် တက်ရောက်ခဲ့ပြီး  ကြံသီးနှံအထွက်တိုးစေရေးနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းနှင့် မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ကြံရာသီတွင် ခင်းသစ်(၉၄၄၈)ဧက၊ လမိုင်း(၃၅၃၈) ဧက၊ စုစု​ပေါင်း(၁၂၉၈၆)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

ရေတာရှည် (ပြန်/ဆက်)