ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်း၌ ညောင်ပင်ကျိုးကျ၍ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု ခုတ်ထွင်ရှင်းလင်းဆောင်ရွက်

ပွင့်ဖြူ အောက်တိုဘာ ၂၂

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မင်းတဲကုန်းကျေးရွာ ဘုန်းဝော်ကြီးကျောင်းဝန်းရှိ ညောင်ပင်မှာ နှစ်ကာလကြာမြင့်မှုကြောင့် ကျိုးပဲ့ကျပြီး ညောင်ပုလ္လင်နှင့် ဗုဒ္ဓဆင်းတုတော်များပေါ်သို့ ပိမိနေသဖြင့် ယနေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြု သွားရောက်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းဝန်းရှိ ညောင်ပုလ္လင်နှင့် ဗုဒ္ဓဆင်းတုတော်များပေါ် ကျိုးပဲ့ကျနေသော ညောင်ကိုင်းများကို စနစ်တကျခုတ်ထွင်ရှင်းလင်း ဆောင်ရွက်၍ ကျောင်းပရိဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။ အဆိုပါ ညောင်ကိုင်းကျိုးကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း (ရေဘေး ၊ လေဘေး ၊ မီးဘေး ၊ ငလျင်ဘေး) အစရှိသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်  ထိခိုက်ဆုံးရှုံးမှု မဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြသ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ တုန့်ပြန်ဖြေရှင်းဆောင်ရွက်ခြင်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့်အပြင် ယခုကဲ့သို့ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် လူနေအိမ်ခြံဝန်းများ၌ သစ်ပင်သစ်ကိုင်းများ ကျိုးပဲ့/လဲကျခြင်းများ ဖြစ်ပွားလာပါက အများပြည်သူအန္တရာယ်ကင်းဝေးစေရေးအတွက် ပြည်သူ့အကျိုး ကူညီခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပြောပြ၍ သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )