ကော့ကရိတ်မြိုနယ် ကျုံဒိုးမြို့၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့်သင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိ

ကော့ကရိတ် အောက်တိုဘာ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျုံဒိုးမြို့ အမှတ်(၂)ရပ်ကွက်၊ ဇိနသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ကရင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ သင်တန်းသူ/သားများ တက်ရောက်ကြကြောင်းသိရသည်။ ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျုံဒိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကရင်ပြည်နယ်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီအမှုဆောင်အတွင်းရေးမှူး၊ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်နိုင်က သင်တန်းဖွင့်လှစ်ရခြင်းအကျိုးကျေးဇူးနှင့်  ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကော့ကရိတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစောထူးကပေါ်က ရှေးဦးသူနာပြုစုခြင်းသင်တန်း တက်ရောက်ခြင်းဖြင့် မိမိပတ်ဝန်းကျင်၊ မိသားစုနှင့် မိမိကိုယ်တိုင် ပြုစုစောင့်ရှောက်နိုင်ခြင်းကြောင့် များစွာအကျိုးရှိကြောင်းနှင့် ကြက်ခြေနီလုပ်ငန်းစဥ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကြက်ခြေနီအသင်း၏ အခြေခံမူများ၊ ရှေးဦးပြုစုခြင်းသဘောတရား၊ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် လူနာစမ်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း ရှေးဦးပြုစုနည်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ သတိလစ်ခြင်း၊မူးမေ့ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်း၊ အဆစ်လွှဲခြင်း၊ ကြွက်သားနှင့် အရိုးဆက်အကြောဒဏ်ရာများ ကုသနည်း၊ ကိုင်တွယ်ခြင်း၊ သယ်ယူခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်းစသည့် အရေးပေါ်ပြုစုဆောင်ရွက်နိုင်ရေးအတွက် ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၂၁ရက်နေ့မှ ၂၃ရက်နေ့ထိ ၃ရက်တာ သင်တန်းပို့ချသွားမည်ဖြစ်ည်။

အဆိုပါသင်တန်းကို ကျုံဒိုးမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာရှိ လူငယ်လူရွယ် (၄၅) ဦး တက်ရောက်ကြကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)