လွိုင်ကော် အောက်တိုဘာ ၂၂
ကယားပြည်နယ် ဥပဒေချုပ်ရုံးမှဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြှင့်မားလာစေရန်ရည်ရွယ်၍ အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်လွဲပိုင်းက လွိုင်ကော်မြို့၊ ကယားပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ်ဥပဒေချုပ် ဦးကြည်မြိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် အရည်အချင်း အရည်အသွေးတိုးတက်ပြီး အသိပညာအတတ်ပညာနှင့် ဗဟုသုတကြွယ်ဝစေရန် ယခုလိုသင်တန်းများ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းမှရရှိသည့် ပညာဗဟုသုတများကို ရုံးလုပ်ငန်းများ လုပ်ကိုင်ရာတွင်များစွာ အထောက်အပံ့ကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မဟာဗျူဟာ စီမံကိန်းထဲတွင်ဝင်နေတဲ့အတွက် မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ရာလည်းရောက်ကြောင်း၊ ထို့ကြောင့် ဌာနအတွက်များစွာ တန်ဖိုးကြီးမားသည့် သင်တန်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဥပဒေအရာရှိ ဦးသိန်းထွန်းက သင်တန်းဖွင့်လှစ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူတို့က သင်တန်းတွင် ထူးချွန်ဆုရရှိသူများကိုလည်းကောင်း၊ သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက သင်တန်းဖွင့်လှစ်ပေးခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းအား သင်တန်းနည်းပြ(၅)ဦးဖြင့် (၁၆-၁၀-၂၀၂၃ ရက်နေ့မှ ၂၀-၁၀-၂၀၂၃ ရက်နေ့ထိ) ၅ ရက်ကြာ သင်ကြားခဲ့ရာ သင်တန်းသား/သင်တန်းသူ(၁၈)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကိုဇင်(လွိုင်ကော်)