ဘားအံ အောက်တိုဘာ ၂၂
နေပြည်တော်တွင် အောက်တိုဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)သို့ ကရင်ပြည်နယ်မှ ပြိုင်ပွဲဝင် ၁၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားမှ သိရသည်။
အဆိုဘာသာရပ်တွင် ၁၈ ဦး၊ အကဘာသာရပ်တွင် ၉၆ ဦး၊ အရေးဘာသာရပ်တွင် ၃ ဦးနှင့် အတီးဘာသာရပ်တွင် ၅၇ ဦး စုစုပေါင်း ၁၇၄ ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘာသာရပ်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်၊ အုပ်ချုပ်သူ၊ ကြီးကြပ်သူများနှင့် တာဝန်ရှိသူအားလုံးအနေဖြင့် မိမိတို့၏ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး အနှောင့်အယှက်ကင်းစွာနှင့် ကျန်းမာစွာ ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း၊ ကရင်ပြည်နယ် ကိုယ်စားပြု ပြိုင်ပွဲဝင်များဖြစ်သည့်အတွက် ကရင်ပြည်နယ်၏ ဂုဏ်ကို ရွှေတံဆိပ်များစွာ ဆွတ်ခူးပြီး အောင်မြင်စွာ ပြည်နယ်ဂုဏ်ကို မြှင့်တင်ပေးကြစေလိုကြောင်း၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပျော်ရွှင်ကျန်းမာစွာ ပြိုင်ပွဲဝင်နိုင်ကြပြီး အောင်မြင်မှု မြင့်မားစွာဖြင့် အောင်ပွဲများ ရရှိနိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၈၅)သိန်းကို ကရင်ပြည်နယ် ပြိုင်ပွဲဝင် အဖွဲ့ခေါင်းဆောင်များနှင့် ပြိုင်ပွဲဝင်များထံ ထောက်ပံ့ပေးအပ်ပြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)သို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်၊ အနုပညာရှင်များက သက်ဆိုင်ရာဘာသာရပ်များအလိုက် တီးခတ်သီဆို ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကာ စုပေါင်း မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)