တောင်ငူ အောက်တိုဘာ ၂၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်အတွင်း ကြံသီးနှံ လမိုင်းအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် စနစ်တကျခုတ်သိမ်းခြင်း နည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က ကျွန်းကုန်းကျေးရွာ၊ ၃၁ ဘုံဘုရား ဓမ္မာရုံတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က တောင်ငူမြို့နယ်အတွင်း အထွက်နှုန်းကောင်းသည့် ကြံသီးနှံ လမိုင်းစိုက်ခင်းများကို ကြံစိုက်တောင်သူများအနေဖြင့် စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ပိုးမွှားအန္တရာယ်ကျရောက်မှု လျော့နည်းအောင် စနစ်တကျ စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း၊ ကြံတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် သင့်တော်သော အချိန် ရာသီမီစိုက်ပျိုးကြရန်နှင့် ကြံမျိုးကောင်းများ ရွေးချယ်စိုက်ပျိုးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များက ကြံစိုက်တောင်သူများအား ကြံအထွက်နှုန်းတိုးတက်ရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျသုံးစွဲမှုများ၊ အပင်ကြီးထွားချိန် ကျရောက်နိုင်သည့် ပိုးမွှားအန္တရာယ် ကာကွယ် နှိမ်နင်းခြင်းနည်းလမ်းများကို အသိပညာပေးဆွေးနွေးရာ ကြံစိုက်တောင်သူများက သိရှိလိုသည်များ မေးမြန်းကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့၊ ရေတာရှည်ကြံစိုက်တာဝန်ခံ၊ ကြံစိုက်ပျိုးသည့် ကျေးရွာအုပ်စုများမှ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ကြံစိုက်တောင်သူများ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်