ပုသိမ် အောက်တိုဘာ ၂၂
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၀ ရက်နေ့ ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီးဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ဘော်လီဘောအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးကိုယ်စားပြု အမျိုးသား၊ အမျိုးသမီးဘော်လီဘောအသင်းသည် ငယ်ရွယ်မှု၊ သန်စွမ်းမှုများအပြင် လေ့ကျင့်သား ပြည့်ဝစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ အမျိုးသား၊ အမျိုးသမီးဘော်လီဘော အသင်းအနေဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် အောင်မြင်မှုများရရှိရန် ကြိုးစားကြစေလိုကြောင်း၊ တိုင်းဒေသကြီး ကိုယ်စားပြုအဖြစ် အဆင့်ဆင့် ရွေးချယ်ယှဉ်ပြိုင်ခဲ့ကြသည့် အတွေ့အကြုံများကို နမူနာယူ၍ တိုင်းဒေသကြီး၏ အားကစား အဆင့်အတန်းမြင့်မားအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၏ သွန်သင်ဆုံးမမှုများကိုလည်း အလေးအနက်ထား ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ သင့်တင့်မျှသည့် စားသောက်နေထိုင်မှုများအပြင် ကျန်းမာရေးကိုလည်း ဂရုစိုက်ရန်လိုပါကြောင်း၊ တစ်ဖက်ပြိုင်ဘက်အသင်း၏ အားသာချက်၊ အားနည်းချက်များကို လေ့လာ၍ မိမိအသင်းဖော်များ၏ အကြံပြုဆွေးနွေးချက်များကိုလည်း လိုက်နာရန် လိုအပ်ပါကြောင်းနှင့် အောင်မြင်မှုများရရှိပါစေကြောင်း” အားပေးအမှာစကားများ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ဘောလီဘောအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)