မင်းဘူး အောက်တိုဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ အထင်ကရနေရာများနှင့် မင်းဘူး-ရွှေစက်တော် ဘုရားသို့သွားသော လမ်းတစ်လျှောက်အား ရွှေစက်တော် ဘုရားပွဲတော်အမီ ခရီးသွား မြှင့်တင်ခြင်း လုပ်ငန်းများအား ဆောင်ရွက် သွားမှာဖြစ်ကြောင်း သိရသည်။
ဘုရားဖူးလာ ခရီးသွားပြည်သူများအနေဖြင့် မင်းဘူး(စကု)မြို့နယ်၏ တန်ခိုးကြီးဘုရားများနှင့် လေ့လာစရာ အထင်ကရ နေရာများအား အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအနေဖြင့် လာရောက်ကြည့်ရှု လေ့လာပြီး စေတီပုထိုးများအား ဖူးမြော်ကြည်ညိုသည့် အခိုက်အတန့်တွင် စိတ်နှလုံးအေးချမ်းကာ စိတ်ကြည်လင်လန်းဆန်းစေချင်သည့် စေတနာကြောင့် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ RC နှစ်ထပ် သာသနဗိမာန် ဆောက်လုပ်ခြင်းအပါအဝင် အခြားအထင်ကရနေရာများ ပြုပြင်ခြင်းနှင့် ရွှေစက်တော် ဘုရားသွားသော လမ်းဘေး ဝဲ-ယာ ၁၃ မိုင်နှင့် ဘုရားအဝင် ဂိတ်စခန်းတို့တွင် Flower box များနှင့် အရိတ်ရသစ်ပင်များ စိုက်ပျိုးသွားမှာဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
ရွှေစက်တော် ဘုရားပွဲရာသီမှာ တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ သုံးလတိုင် ကျင်းပလေ့ရှိပြီး မြန်မာ့ဆယ့်နှစ်လရာသီ ပွဲတော်များထဲတွင် ရက်ရှည်ကျင်းပသော ပွဲတော်တစ်ခုဖြစ်သည်။ ယခင်နှစ်များတွင် ပွဲတော်ကျင်းပသည့်အခါ အထက်စက်တော်ရာ အောက်စက်တော်ရာ ပါဒစေတီ နှစ်ဆူလောက်သာ လူသိများပြီးဖူးမြော်ကြသည်။ ယခုအခါ မင်းဘူးမြို့ပေါ်မှ တန်ခိုးကြီး စေတီပုထိုးများနှင့် အခြားအထင်ကရ နေရာများလည်း အသစ်ပြန်လည်တည်ဆောက် ပြုပြင်နေပြီဖြစ်ရာ အနယ်နယ် ရပ်ရပ်မှ ခရီးသွားပြည်သူများအဖို့ နယ်ပယ်စုံ၊ နေရာစုံ၊ ပုံစံအမျိုးမျိုးကို၊ အသွင်သစ်၊ အမြင်သစ်များဖြင့် စိတ်ကြည်လင် အေးချမ်းစွာ ကြည့်ရှုလေ့လာ ဖူးမြော်နိုင်မှာ ဖြစ်ပေတော့သည်။
ဇေယျာထက်(မင်းဘူး)