ထားဝယ် အောက်တိုဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်ကာ တောင်သူများ၏ အကျိုးစီးပွား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်ဧကအထွက်နှုန်းများ တိုးတက်၍ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်း အကျိုးဆောင် တောင်သူများနှင့် ဝန်ထမ်းများအား စပါး၊ ရော်ဘာ၊ ဆီအုန်း၊ ကော်ဖီ၊ ကိုကိုးနှင့် ပဲမျိုးစုံသီးနှံဆိုင်ရာ ဘက်စုံနည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး၊စိုက်ပျိုးရေး၊ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထိုက်က တက်ရောက်လာသူများအား ယခုပို့ချမည့် စိုက်ပျိုးရေးဆိုင်ရာဘာသာရပ်များကို သေချာလေ့လာ သင်ယူမှတ်သားကာ မတက်ရောက်နိုင်သည့် တောင်သူများသို့ လက်ဆင့်ကမ်း ပြန်လည်ဆွေးနွေးပေးရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း စွမ်းဆောင်ရည် မြင့်မားစေရေး အသိပညာအတွေ့အကြုံများအား စဉ်ဆက်မပြတ် လေ့လာဆည်းပူးသင်ယူရန် လိုအပ်ပါကြောင်း၊ တောင်သူနှင့် ဝန်ထမ်းအတွဲညီညီဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှ သာလျှင် စိုက်ပျိုးထုတ်လုပ်မှု အရှိန်အဟုန်မြှင့် တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းစိုးက တိုင်းဒေသကြီး၏ အဓိက ထွက်ကုန်များမှ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်၊ စိုက်ပျိုးရေးလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်ရာတွင် ရေရှည် တည်တံ့၍ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိခိုက်မှုမရှိစေရေးနှင့် အစားအစာများ ဘေးကင်းလုံခြုံမှုရှိကာ လုပ်သားများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရေးတို့အတွက် တောင်သူနှင့် ဝန်ထမ်းများ နည်းပညာများအား ပေါင်းစပ်လိုက်နာ ဆောင်ရွက်မှသာလျှင် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
သင်တန်းတွင် ထားဝယ်ခရိုင်မှ In Person ဖြင့် တောင်သူ (၂၄) ဦး၊ ဝန်ထမ်း (၄၃) ဦး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့မှ Virtual System ဖြင့် တောင်သူ (၃၂) ဦး၊ ဝန်ထမ်း (၅၀)ဦး၊ တို့အား စပါးရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာပေး နှင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်း၊ ဆီအုန်း စိုက်ပျိုးထိန်းသိမ်းခြင်း အကြောင်း၊ ရော်ဘာ အစေးခြစ်နည်းနှင့် အခြေခံ ရော်ဘာမျိုး ခွဲခြားခြင်းအကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းလမ်းများနှင့် ဈေးကွက်ဝင် ကော်ဖီနှင့် ကိုကိုး စိုက်ပျိုးထုတ်လုပ်မှုအကြောင်း၊ ပဲမျိုးစုံနှင့် ရော်ဘာ၊ ဆီအုန်းသီးနှံတို့တွင် ကျရောက်တတ်သောပိုးမွှားရောဂါ ဘက်စုံကာကွယ် နှိမ်နင်းခြင်းအကြောင်းတို့ကို တာဝန်ရှိသူများက ရှင်းလင်း ဆွေးနွေးပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)