လွိုင်ကော် အောက်တိုဘာ ၂၁
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးကို ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ သင်တန်းကျောင်းများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်များ၌ ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ ဆေးရုံကြီးနှင့် လွိုင်ကော်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း ပရိဝုဏ်အတွင်း၌ ဌာနဆိုင်ရာများ၊ လွိုင်ကော်တပ်နယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေး အဖွဲ့များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းစေရေး ဆောင်ရွက်နေမှုများ၊ သစ်ပင်ခြုံနွယ် ခုတ်ထွင်ရှင်းလင်းနေမှုများ၊ လူနာဆောင်များနှင့် ဆေးရုံအတွင်း လိုအပ်သည့် ပစ္စည်းကိရိယာများ၊ ဆေးရုံဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ပြုပြင်ရန် လိုအပ်သည့် နေရာများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကယားပြည်နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ အပါအဝင် မြို့နယ်အသီးသီးတွင် မြို့များသန့်ရှင်း သာယာလှပစေရေး၊ ခြင်အန္တရာယ်နှင့် အခြား ရောဂါများ ကင်းဝေးစေရေးအတွက် ဌာနဆိုင်ရာရုံးများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ၊ စာသင်ကျောင်းများနှင့် ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ ပါဝင်သော အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)