ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် ဆဋ္ဌမအကြိမ်မြောက် စာဖတ်ဝိုင်း ပြုလုပ်

ကသာ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “ချွေးနဲ့ သွေးနဲ့ ရေးခဲ့” စာအုပ်မှ “ဘဝအောင်မြင်ရေး အခြေခံအကြောင်းများ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၁) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းပြုလုပ်ရာတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကသာမြို့ စာပေချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ကသာမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ(ကိုဘ ကသာ)က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ဘဝအောင်မြင်ရေး အခြေခံအကြောင်းများ” ရသစာစုများတွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေချစ်သူများက မိမိတို့၏ အတွေးအမြင်ရသများကို အသီးသီး ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ကသာမြို့နယ်စာရေဆရာအသင်း နာယက ဦးချစ်မြိုင်က စာပေချစ်သူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် မိမိတို့၏တိုးတက်ရာတိုးတက်ကြောင်းကို ရည်မှန်းချက်ရှိစွာ လျှောက်လှမ်းရာတွင်  ယခုဆောင်းပါးပါ အချက်(၁၄)ချက်အပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးကာ စာပေချစ်သူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။  

ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကသာမြို့ Book Club အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ကသာ)