ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း အောင်မြင်ဖြစ်ထွန်းနေသော မိုးစပါးစိုက်ခင်းများအား ကြည့်ရှုအားပေး သီးထပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ကြရန် တောင်သူများအားတိုက်တွန်း

ဘားအံ အောက်တိုဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးစပါးဧက ၁၁၉၀၄၃ ဧကကျော်စိုက်ပျိုးထားရှိရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များသည် အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အောင်မြင်ဖြစ်ထွန်းလျက်ရှိသောမိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးအပြီးတွင် ဒေသနှင့်ကိုက်ညီသည့်သီးနှံများအား သီးထပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ကြရန် တိုက်တွန်းပြောကြားကာ သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၀၄၂ ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးအရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေဖြင့် စိုက်ပျိုးသော ဆင်းသုခတစ်ကွင်းတစ်ဆက်တည်း ၁၂၅ ဧက အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ တစ်ဧကအထွက်နှုန်းတိုးမှသာ တောင်သူများဝင်ငွေတိုးပွားမည်ဖြစ်သည့်အတွက် လိုအပ်သည့်စိုက်နည်းစနစ်၊ မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေ၊ သွင်းအားစုနှင့် ယာဉ်၊ယန္တရားများ အချိန်နှင့်တစ်ပြေးညီရရှိနိုင်ရေး သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးရန်၊ မိုးစပါးအပြီးတွင် နွေစပါးအပြင် ဒေသနှင့်ကိုက်ညီသောသီးနှံများကို သီးထပ်သီးညှပ်များဖြင့် ဆက်လက်စိုက်ပျိုး၍ စိုက်ပျိုးစွမ်းအားကို အစွမ်းကုန်ကြိုးစားမြှင့်တင်စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားကပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၀၀၉-ခ)ဘားကပ်ကွင်းနှင့် ကွင်းအမှတ် ၁၀၀၉-က တောကြီးကုန်းကွင်းရှိ အောင်မြင်ဖြစ်ထွန်းနေသောမိုးစပါးစိုက်ဧကများအား ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးဦးစီးဌာန၏ ဘားကပ်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာနှင့် တောင်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က စားရေရိက္ခာဖူလုံစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ယခင်နှစ်များထက်တစ်ဧက အထွက်နှုန်းတိုးတက်အောင်စိုက်ပျိုးထုတ်လုပ်ကြရန်၊ တစ်နှစ်ပတ်လုံးသီးနှံများကို အဆက်မပြတ်စိုက်ပျိုးထုတ်လုပ် ရောင်းချ၍ တောင်သူများဝင်ငွေမြင့်မားလာစေရေး အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရန်၊ တိုးပွားလာသည့်လူဦးရေနှင့်အညီ စားရေရိက္ခာလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေး သီးထပ်သီးညှပ်များဖြင့် စိုက်ပျိုးလုပ်ကိုင်ကြရန် တိုက်တွန်းပြောကြားပြီး တောင်သူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများအား နေကြာမျိုးစေ့များနှင့် စားဖိုဆောင်သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)