ရေတာရှည် အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဥက္ကာသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးနေလင်းဇော်က ဆောင်းသီးနှံ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲများအထွက်နှုန်းကောင်းမွန်စေရေးအတွက် အထွက်ကောင်းမျိုးကောင်းမျိုးသန့်များ သုံးစွဲရန်နှင့် ဆောင်းသီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းစနစ်များအားလည်းကောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမြတ်လင်းက နွေစပါးရေပေးဝေမည့်အခြေအနေများအားလည်းကောင်း၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်စိန်က အဆင့်မြင့်လယ်ယာဖော်ထုတ်ပေးမည့် အခြေအနေများအားလည်းကောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ရေတာရှည်(ပြန်/ဆက်)