မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းနှင့် သင်ကြားရေးဆေးရုံဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

မကွေး           အောက်တိုဘာ          ၂၁

မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာ လှပရေး၊  ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေး ခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ် (စနေနေ့တိုင်း) စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၁ ရက် ယနေ့နံနက် ၇ နာရီ အချိန်က မကွေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် သင်ကြားရေးဆေးရုံဝန်း အတွင်း၌ ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးသည်။

ထို့သို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးတပ်နယ်မှ တပ်မတော်သားများ၊ အမျိုးသမီးရေးရာ/မိခင်နှင့်ကလေး အသင်းအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အဆင့်မြင့်နှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူမှုကူညီရေး အဖွဲ့အစည်းများ စုပေါင်း၍ မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် သင်ကြား ရေးဆေးရုံဝန်းအတွင်းရှိ မြက်၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကျောင်းနှင့် ဆေးရုံဝန်းအတွင်း အဆောက်အဦနှင့် မလွတ်ကင်းသော သစ်ကိုင်း၊ သစ်ပင်များ ခုတ်ထွင်ဖယ်ရှားရှင်းလင်းခြင်း၊ ရေမြောင်းများအတွင်း အမှိုက်သရိုက်များ ဆယ်ယူရှင်းလင်းခြင်း၊ အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းများကို ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်ရေး ဆောင်ရွက် သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့စည်းများအား မြန်မာ့ရိုးရာမုန့်များနှင့် သောက်ရေသန့်များ ဝေငှပေး ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၂)မြို့နယ်တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စုစုပေါင်းအင်အား (၄၈၀၀)ကျော်ဖြင့် ဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်အသီးသီးရှိ ဘုရားစေတီ ပုထိုးများ၊ ဌာနဆိုင်ရာရုံး အဆောက်အဦများ၊ မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံးများ သန့်ရှင်းသာယာလှပစေရေးနှင့် ပြည်သူများ ကျန်းမာရေး ဆိုင်ရာ အထောက်အကူဖြစ်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ် (စနေနေ့တိုင်း) တိုင်းလုံးကျွတ် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)