ဟင်္သာတ အောက်တိုဘာ ၂၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော်နှင့်တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုအား ယနေ့နံနက် ၇ နာရီက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အောက်တိုဘာလ ၂၀ ရက်နေ့ လယ်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိလာခဲ့ရာ တာဝန်ရှိသူများမှ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီ၊ ဟင်္သာတ တာမိုင်(၄/၀)မှ (၅/၀)အတွင်းရှိ ဖြတ်တာများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆင်လက်၍ ယနေ့နံနက် ၈ နာရီတွင် ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ မြို့ကွင်းကျေးရွာရှိ မြို့ကွင်းမြစ်ရေတင်လုပ်ငန်းနေရာအား ရောက်ရှိ၍ တာ၀န်ရှိသူများနှင့်တောင်သူများမှ စိုက်ပျိုးရေးအတွက် မြစ်ရေပေးမှုများ၊ သီးနှံအထွက်နှုန်းများ၊ အခက်အခဲများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယ၀န်ကြီးမှ လိုအပ်သည်များကိုပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် မြို့ကွင်းင၀န်တာသို့ရောက်ရှိပြီး တာတမံကြံ့ခိုင်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာ၀န်ရှိသူများအား လိုအပ်သည်များမှာကြား၍ ဟင်္သာတမြို့နယ်၊ ကုန်းကြီးအုပ်စု၊ အနောက်တံခွန်တိုင်ကျေးရွာရှိ အမှတ်(၁၅)စက်မှုလယ်ယာစခန်းနှင့် အမှတ်(၂)အလတ်စား စက်ပြင်အလုပ်ရုံသို့ရောက်ရှိပြီး အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံဧည့်ရိပ်သာတွင် စက်မှုလယ်ယာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ခင်၊ ဧရာဝတီတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးဌာနမှူးဦးလှထွန်း၊ ဒုခရိုင်အုပ်ချုပ်ရေးမှူးဦးသူရိန်နှင့်တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ စက်မှုလယ်ယာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ခင်၊ ဧရာဝတီတိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဦးစီးဌာနမှူးဦးလှထွန်း၊ ဟင်္သတခရိုင်အမှတ် ၂ အလတ်စားစက်ပြင်အလုပ်ရုံမှ စက်ရုံမှူးဦးဇော်လွင်ဦး၊ ဟင်္သာတမြို့နယ်လယ်ယာဝန်ဆောင်မှုအသင်းဥက္ကဋ္ဌဦးခင်စိုးကပါဝါပွိုင့်ဖြင့်လုပ်ဆောင်နေသောစက်မှုလယ်ယာကိစွများအားတင်ပြရာ ဒုတိယဝန်ကြီးမှပြန်ရှင်းလင်းဖြေကြားခြင်း၊ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁၅)စက်မှုလယ်ယာစခန်းနှင့် အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံများကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)