တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ကိုင်သူ မိသားစုများစီးပွားရေးအဆင်ပြေ

မြင်းမူ အောက်တိုဘာ ၂၁

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တပင်ရွှေထီးရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူခြင်းလုပ်ငန်းကိုလုပ်ကိုင်လျက်ရှိရာ မိသားစုအတွက်ဝင်ငွေပုံမှန်ရ၍ မိသားစုအတွက်စားဝတ်နေရေး အဆင်ပြေလျက်ရှိကြကြောင်း ဆိတ်မွေးမြူရေးလုပ်ကိုင်နေသည့်မိသားစုများထံက သိရှိရသည်။ ဆိတ်မွေးမြူခြင်းကိုတစ်ပိုင်တစ်နိုင် စမ်းသပ်မွေးမြူခြင်းဖြစ်ကြောင်း၊ ဝယ်လက်များအသင့်ရှိကြောင်း၊ မဒါန်းတစ်ကောင်ကို ငွေကျပ်(၆၀၀၀၀)ဖြင့် စတင်ဝယ်ယူခဲ့ပြီး (၃)လအကြာတွင် ဆိတ်(၁)ကောင်စတင်‌ပေါက်ဖွားကြောင်း၊ ဆိတ်မကြီးအရွယ်ရောက်ပါက (၁)နှစ်လျှင် (၂)သားမှ(၃)သားအထိ ပေါက်ဖွားကြောင်း၊ (၁၀)ကောင်ထားရှိပြီးမွေးမြူပါက တစ်နှစ်လျှင်ဆိတ်ကောင်ရေ(၃၀)အနည်းဆုံးရရှိကြောင်း၊ ဝယ်လက်များအလွယ်တကူရှိပြီး လက်ရှိဆိတ်သားဈေး(ဝယ်ယူစားသုံးပါက) ငွေကျပ်(၂၀၀၀၀)ကျော်ရှိပြီး အရှင်ဈေးအနေဖြင့်(၁)ပေါင်(၂၅ ကျပ်သား)လျှင် ငွေကျပ်(၂၅၀၀)ဈေးဖြင့်ရောင်းချရကြောင်း၊ အချိန်ပေါ်မူတည်ကာ(၁)ကောင်လျှင် ငွေကျပ်(၁)သိန်းခန့်ထိရရှိကြောင်း ဆိတ်မွေးမြူရေးလုပ်ကိုင်နေသူ ဦးကျော်စန်းဦးကသိရှိရသည်။ ယင်းအပြင်ဆိတ်ချေးကိုစွန်ပစ်ရန်မလို စိုက်ပျိုးရေးလုပ်ကိုင်နေသည့်ခြံများက လှည်း(၁)စီးလျှင် ငွေကျပ်(၂၅၀၀၀)ပေးကာ ရသလောက်ဝယ်ယူလျက်ရှိရာ အပိုဝင်ငွေလည်းရရှိသည်ဖြစ်၍ ဆိတ်မွေးမြူခြင်းကိုတနိုင်တပိုင် မွေးမြူလုပ်ကိုင်သူများပြားလာကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)