ရွှေတောင် အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်စည်ပင်သာယာခန်းမတွင် ယနေ့နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆီထွက်သီးနှံ ဗီယက်နမ်မြေပဲမျိုးနှင့်စိုက်ပျိုးရေးသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားရာ မိုးစပါးသီးနှံအပြင် ဒုတိယသီးနှံဖြစ်သော ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးစေရေး ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသခံတောင်သူများအား ဆီထွက်သီးနှံ ဗီယက်နမ်မြေပဲမျိုးနှင့်စိုက်ပျိုးရေးသွင်းအားစုများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် တောဟိုင်ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းက ဒေသခံတောင်သူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆီထွက်သီးနှံ ဗီယက်နမ်မြေပဲမျိုးနှင့် စိုက်ပျိုးရေးသွင်းအားစုပေးအပ်ခြင်းနှင့်ပတ်သက်၍ နိဂုံးချုပ်အမှာစကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအဖွဲ့သည် ယွန်းတန်းရပ်ကွက်၊ တောင်ဘုရားကြီးလမ်းရှိ မဥမ္မာကျော် ရွှေတောင်ထမင်းသုပ်၊ ရွှေတောင်ခေါက်ဆွဲ၊ ရွှေတောင်မုန့်ဟင်းခါး၊ ရွှေတောင်စိန်ပန်းကြွပ်ကြော်အရောင်းဆိုင်များအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသထုတ်ကုန်များအား အရည်အသွေးမြှင့် ထုတ်လုပ်ပြီး ပြည်တွင်းသာမက ပြည်ပသို့ထုတ်လုပ်ရောင်းချနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း(ပြန်/ ဆက်)