ချောင်းဦး အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ လုပ်ငန်းရှင်များ၊ တောင်သူများဖိတ်ကြားပြီး ဆောင်းဆီထွက်သီးနှံများကို နိုင်ငံစီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထူးကျော်မှ မိမိတို့မြို့နယ်တွင်ဆောင်ရွက်ရန် မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ အခုလိုဆောင်ရွက်ပေးခြင်းအားဖြင့် တောင်သူ၊ လုပ်ငန်းရှင်၊ လုပ်သားများအားလုံး အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ မိမိတို့မြို့နယ်အနေဖြင့် ဆီဖူလုံမှု ၃၅၄ ရာခိုင်နှုန်းရှိကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားဆွေးနွေးသည်။ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်မြတ်မြတ်ဦးမှလည်း တောင်သူများအနေဖြင့် သွင်းအားစုများ ထည့်သွင်းအသုံးပြုခြင်းအားဖြင့် တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်လာစေရန်၊ စျေးနှုန်းနှင့် စျေးကွက်သေချာခြင်း၊ တောင်သူများ ဝင်ငွေပိုမိုရရှိစေခြင်းဖြင့် နိုင်ငံစီးပွါးတိုးတက်မြင့်မားလာစေရန်၊ စီမံကိန်းတွင်ပါဝင်သော အစုအဖွဲ့အားလုံး အကျိုးအမြတ်ကိုယ်စီရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန်၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပြည်ပစျေးကွက်များသို့ ပိုမိုချိတ်ဆက်မှု ရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်များ ရရှိလာစေရန်ရည်ရွယ်ကြောင်း ဆွေးနွေးခဲ့သည်။ တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။
နိုင်ငံစီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းဆီထွက်သီးနှံများတွင်ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ လုပ်ငန်းရှင်များ၊ ကျေးရွာ ၇ ရွာမှ တောင်သူ ၆၃ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့သည်။
ဝင်းမြင့်အောင်(ပြန်ဆက်)