ပွင့်ဖြူမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ  အသိပညာပေး ဟောပြော

ပွင့်ဖြူ    အောက်တိုဘာ      ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက မြို့နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် ရေလုပ်သားများအား အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍ အပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ အသိပညာပေး ဟောပြောရာတွင် ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်းက အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင် ကာကွယ်နိုင်ရန် လုပ်ဆောင်ရမည့်အချက်များ၊ ဖြစ်ပွားချိန်တွင် လျင်မြန်စွာ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် အကူအညီ ရယူဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေး ဟောပြောပြီး တက်ရောက် လာသည့် ငါးမွေးတောင်သူများနှင့် ရေလုပ်သားများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်းရှိ ငါးမွေးတောင်သူများနှင့် ရေလုပ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် မွေးမြူရေးရန်ပုံငွေ များ ထုတ်ချေး၍ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်စေခြင်း၊ မြို့နယ်ငါးလုပ်ငန်းစခန်းမှ မျိုးကောင်းမျိုးသန့် ရွှေဝါငါးကြင်း၊ ငါးခုံးမ၊ ငါးမြစ်ချင်း စသည့် ငါးမျိုးစိတ်များ ကို မွေးမြူထုတ်လုပ်၍ သက်သောသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းအပြင်  ငါးမွေးမြူရေး လုပ်ငန်းများ စနစ်တကျ မွေးမြူလုပ်ကိုင်တတ်စေရန်အတွက် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်(GAqP)စနစ် နည်းပညာသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူ မြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးသိန်းကိုကိုထွန်းက ပြောသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)