ဝန်းသိုမြို့၌ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူအသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ဝန်းသို အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှပေးပို့သည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို အဆိုပါဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခွင်ကြည်က စာအုပ်တစ်အုပ်မှရရှိသော အသိပညာဗဟုသုတအတွေးအမြင်များကို တစ်ဦးနှင့်တစ်ဦးမျှဝေနိုင်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန်နှင့် စာဖတ်သည့်အလေ့ အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club)အသင်းအတွင်းရေးမှူး စာရေးဆရာမကြီးဒေါ်တင်ထားရီ(ထိပ်ထား-ဝန်းသို)နှင့်အဖွဲ့ဝင်များက စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း”စာအုပ်မှ ရှက်စိတ်၊ ကြောက်စိတ်နဲ့ အောင်စိတ်၊ လူငယ်နှင့် စူးစမ်းလေ့လာမှုများ၊ အမြင်တွေနဲ့တည်ဆောက်ခြင်း၊ အလှအပဖြင့်ဝင့်ကြွားခြင်း၊ ဆင်းရဲတယ်ချမ်းသာတယ်ဆိုတာ၊ လူမျိုးမြင့်ဖို့စာဖတ်စို့နှင့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်းစသည့် ခေါင်းစဉ်များဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)