ဘားအံ အောက်တိုဘာ ၂၁
ကရင်ပြည်နယ်၊ ဘားအံမြို့သည် တောတောင်သဘာဝရှုခင်းများ၊ Lime Stone Mountain ထုံးကျောက်တောင်တန်းကြီးများ၊ လှိုဏ်ဂူများ၊ ရိုးရာယဉ်ကျေးမှုများနှင့်ပွဲတော်များ၊ ရေတံခွန်များ၊ သဘာဝပတ်ဝန်းကျင်များကြောင့် ခရီးသွားများကြားတွင် ထင်ပေါ်ကျော်ကြားလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များနှစ်စဉ်တိုးတက် ဝင်ရောက်လာသည့်အတွက် ခရီးသွားဧည့်သည်များအား အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ကန်သာဦးခန်းမ၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ) သင်တန်း(၃) မျိုးကို ဖွင့်လှစ်သည်။
အဆိုပါသင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ကရင်ဇုန်)၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်တွင်းပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ စက်တင်ဘာလထိနှိုင်းယှဉ်ကြည့်ပါက ပြည်တွင်း ၄၂ ဒဿမ ၈၄ ရာခိုင်နှုန်း၊ ပြည်ပ ၁၀၀ ရာခိုင်နှုန်းနှင့်အထက် တိုးတက်ဝင်ရောက်လာသည်ကို တွေ့ရှိရမည်ဖြစ်ပြီး ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်ကြသည့်ဝန်ထမ်းများ အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုပေးနိုင်ရေး လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့သောသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ဘားအံမြို့တော်ကို သန့်ရှင်းသာယာလှပသော ခရီးသွားမြို့တော် Tourism City အဖြစ် ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပွင့်လင်းရာသီ(ခရီးသွားရာသီ)အမှီ ခရီးစဉ်ဒေသများကို ကြိုတင်ပြင်ဆင်မှုများနှင့် ခရီးစဉ်ဒေသသစ်များကိုလည်း ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိတို့၏လုပ်ငန်းခွင်တွင် အကျိုးရှိရှိပြန်လည်အသုံးချနိုင်ရေး သင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူ၍ ပြည်နယ်၏ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များအားလုံး ပူးပေါင်းစွမ်းဆောင်ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများမှာ အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းနှင့် ဧည့်ကြိုသင်တန်းများဖြစ်ကြပြီး သင်တန်းတစ်ခုလျှင် သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးစီဖြင့် ဟိုတယ်လုပ်ငန်းကျွမ်းကျင်ပညာရှင်များက ရက်သတ္တပတ်လေးပတ်ကြာ သင်ကြားပို့ချပေးသွားဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လင်းက သင်တန်းများဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲအပြီးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)