ရေနံချောင်းမြို့နယ်၌ (HPV) ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင် ထည့်သွင်းထိုးနှံ

ရေနံချောင်း အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အသက် ၉ နှစ်၊ ၁၀ နှစ်အရွယ် မိန်းကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင် ထည့်သွင်း ထိုးနှံပေးခြင်းကို ယမန်နေ့ကစတင်၍ ရပ်ကွက်နှင့် ကျေးရွာများရှိ မိခင်ကလေး ကျန်းမာရေး ဌာနစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန သူနာပြု(၁) ဒေါ်တင်မာဌေးနှင့် အဖွဲ့က ရွာသစ်ရပ်ကွက်ရှိ မိခင်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေး လျက်ရှိပြီး Human Papilloma Virus(HVP)ပိုးကြောင့်ဖြစ်တတ်တဲ့ သားအိမ်ခေါင်း ကင်ဆာနဲ့ မျိုးပွားလမ်းကြောင်းမှာဖြစ်ပွားတတ်တဲ့ ကင်းဆာ ရောဂါများကို ကာကွယ်ပေးနိုင်ကြောင်းနှင့် အိတ်ချ်ပီဗီ ကာကွယ် ဆေးကို အသက် ၉ နှစ်နှင့် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တွေမှာ ထိုးနှံပေးခြင်းအားဖြင့် ကာကွယ်မှုကို အစောဆုံး ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် အိတ်ချ်ပီဗီ(HPV)ကာကွယ်ဆေး စတင် ထည့်သွင်း ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လူမှုကွန်ရက် စာမျက်နှာမှ ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုက်ရိုက်ထုတ်လွှင့်ကျင်းပခဲ့ရာ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီး၊ ကျန်းမာရေးကြီးကြပ်မှုအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပရိုဂျက်တာဖြင့် ဖွင့်လှစ်ပြသမှု ကို အွန်လိုင်းမှ ကြည့်ရှုတက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး