ကသာမြို့တွင် ဒေသထွက် ရာသီပေါ်အစားအစာ ပုရစ်ကြော်လုပ်ငန်းဖြင့် မိသားစုများဝင်ငွေရရှိ

ကသာ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်နှင့် အင်းတော်မြို့နယ်များတွင် ဒေသထွက်ရာသီပေါ်အစား အစာဖြစ်သည့် ဆောင်းပုရစ်များ ပေါများစွာထွက်ရှိသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် မိသားစုအပိုဝင်ငွေများရရှိလျက်ရှိကြသည်။

ဆောင်းဦးပေါက်ကာလဖြစ်သည့် တော်သလင်း၊ သီတင်းကျွတ်ကာလတွင် ဆောင်းပုရစ်များကို ဒေသခံပြည်သူများက ဧရာဝတီမြစ်ကမ်းတစ်လျှောက်နှင့် ကိုင်းမြေ၊ မြေနုကျွန်းမြေများတွင် ဘက်ထရီမီးနှင့် မီးစက်များမောင်းကာ မီးထောင်ခြောက်များဆင်၍ ပလပ်စတစ်အကြည်များ ထောင်ကာဖမ်းဆီးကြသည်။ ဖမ်းယူရရှိသော ပုရစ်များကို မြို့ပေါ်ဈေးများတွင်လည်းကောင်း၊ အခြားမြို့နယ်များသို့ ရေခဲရိုက်သယ်ယူ၍လည်းကောင်း၊ အဝယ်ဒိုင်များတွင် ရောင်းချခြင်းဖြင့် လည်းကောင်း ဈေးကောင်း ရရှိလျက်ရှိကြသည်။ ပုရစ်ပေါ်ကာစအချိန်တွင် အထီးအမရောရာ အကောင် (၁၀၀)လျှင် (၈၀၀၀) ကျပ်နှုန်း၊ အမသီးသန့် (၁၀၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိ ပြီး ပုရစ်ကြော်လုပ်ငန်းများအနေဖြင့် ပုရစ်ကြော်ပြီး အကောင်(၁၀၀)လျှင် (၁၃၀၀၀)ကျပ်နှုန်း ဖြင့် လက်လီလက်ကား ဒေသတွင်းမြို့နယ်များ၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများနှင့် အခြားသော မြို့ကြီးများသို့ ကားများဖြင့် တင်ပို့ရောင်းချလျက်ရှိသည်။

ရာသီနှစ်တစ်နှစ်တွင် ပုရစ်သည်မိုးဦးနှင့်ဆောင်းဦးပေါက်ကာလများတွင်ပေါ်လေ့ရှိပြီး မိုးပုရစ်နှင့် ဆောင်းပုရစ်များတွင် ဆောင်းပုရစ်ကို ပို၍လူကြိုက်များကြသည်။ ဆောင်းပုရစ်သည် မိုးပုရစ် ထက် အသားနူးညံ့ပြီး ဆောင်းကာလ၌သာ  ပုရစ်အမများ၌ ဥများပါရှိသည့်အတွက် လူကြိုက် များရခြင်းဖြစ် သည်။ ယမန်နှစ်က ဆောင်းပုရစ်များ တစ်ရက်လျှင် အကောင်ရေ (၅၀၀၀၀၀) ခန့်ထိ ဝယ်ယူရရှိသော်လည်း ယခုနှစ်တွင် အကောင်ရေ(၈၀၀၀၀)ခန့်သာ ဝယ်ယူရရှိကြောင်း ပုရစ်ကြော်လုပ်ငန်းနှင့် ပုရစ်အဝယ်ဒိုင်လုပ်ကိုင်နေသော ကသာမြို့ဒေသခံလုပ်ငန်းရှင်တစ်ဦးထံ မှ သိရသည်။

ခရိုင်ပြန်/ဆက်