ဒေးဒရဲမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာဒေါက်တာဌေးလှိုင်(ရူပဗေဒ)ရေးသားသည့် နားနားနေနေနှင့် အခြားဆောင်းပါး များစာအုပ်ပါ စာဖတ်သောအသိုင်းအဝိုင်းများ ဝိုင်းဝန်းဖန်တီးကြစို့ ဆောင်းပါးနှင့် ဘယ်တက္ကသိုလ်ရွေးပြီး ဘယ်ဘဝလမ်းကိုလျှောက်ကြမလဲဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် စာဖတ်အားကောင်းတဲ့သူတွေ နေထိုင်တဲ့နိုင်ငံက အမြဲတိုးတက်ပြီး အထင်ကြီးလေးစားဖို့ကောင်းပါကြောင်း၊ စာဖတ်သူများပိုမိုများပြား လာအောင် စည်းရုံးရမှာ ဖြစ်ပါကြောင်းနှင့် တက္ကသိုလ်အထူးပြု ဘာသာရပ်ကို ရွေးချယ်ရာမှာ ကိုယ့်ကလေးရဲရွေးချယ်မှုကို ဦစားပေးမှသာ ထူးချွန်နိုင်မှာ ဖြစ်ပါကြောင်းအပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။

ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ စာပေလေ့ လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Showများ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာ များသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အေဇာလင်း